ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် အသက်ကိုးနှစ်အရွယ် အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သတ်ပြီး ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် ဒုက္ခသည်စခန်းတာဝန်ရှိသူများက တောင်းဆိုကြသည်။
စစ်ဘေးရှောင်စခန်းများတွင် ယင်းကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များ၊ အမျိုးသမီးများအား ကိုယ်ထိလက်ရောက် အတင်းအဓမ္မပြုကျင့်ခံရခြင်း နောက်ထပ်မရှိစေရန် ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေချင်သည်ဟု ပီပင်ရင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းကျော်မြက ဆိုသည်။
“အခုလိုမျိုး အမျိုးသမီးငယ်တွေကို စော်ကားတာကတော့ လုံခြုံမှုမရှိတဲ့အတွက်ကြောင့်ပဲလို့ထင်တယ်။ အခုလိုမျိုး ကိစ္စတွေနဲ့ပတ်သတ်လို့ တာဝန်ရှိသူတွေအနေနဲ့တော့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးစေချင်တယ်။ အမျိုးသမီးတွေကို နုတ်နဲ့ပဲဖြစ်ဖြစ် ကာယကံနဲ့ဆိုရင် ပိုဆိုးတာပေါ့နော်။ အဲဒီလိုမျိုး စော်ကားတာကိုတော့ ကျနော်တို့အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး။ အခု ဆေးရုံမှာဆိုပေမဲ့ သူ့အမေကတော့ သူ့သမီးအတွက်နဲ့ အရမ်းတွေရှက်ပြီးတော့ ပြင်ပကလူတွေကိုတောင် တွေ့ဆုံစကားပြောဖို့ အရမ်းကြောက်နေသလိုမျိုးဖြစ်နေတယ်” ဟု ဆိုသည်။
ယင်းအမျိုးသမီးငယ်၏ မိသားစုဝင်များကို DMG မှ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရဘဲ ပတ်ဝန်းကျင်နှင့်စကားပြောရန် အလွန်ရှက်နေကြကြောင်း သိရသည်။
အဓမ္မပြုကျင့်ခံရသည့် အသက်ကိုးနှစ်အရွယ် အမျိုးသမီးငယ်မှာ ဇွန်လ ၄ ရက်နေ့က ယင်းစခန်းတွင်နေထိုင်သူ ဦးကျော်နိုင်မိုးဆိုသူက မုန့်ကျွေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် ၎င်းအမျိုးသမီးငယ်မှာ တိန်ညိုတိုက်နယ်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းတွင်ရှိသည့် အမျိုးသမီးများအနေဖြင့် လုံခြုံမှုကင်းမဲ့နေပြီး၊ တာဝန်ရှိသူများအနေဖြင့်လည်း ကူညီထောက်ပံ့ပေးသည့်အခါ အလေးထားဆောင်ရွက်သင့်ပြီး ယင်းကဲ့သို့ မလုပ်ဆောင်ပါက လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများ ဖြစ်လာနိုင်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ စောစံငြိမ်းသူကပြောသည်။
“အမျိုးသမီးပျိုလေးတွေအတွက်ကို သေသေချာချာ လုံခြုံမှုရှိအောင်ထားရမယ်။ အဲ့လိုမျိုးသာ မထားဘူးဆိုရင်တော့ လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမှုတွေ ဖြစ်လာနိုင်တယ်။ ဒီတစ်ခုတည်းမဟုတ်ဘဲ အခြားအကြောင်းရာတွေပေါ့နော်။ အဝတ်လှဲလည်တာ၊ အိမ်သာသွားတာ၊ စခန်းအပြင်ထွက်တာကအစ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာပုံစံမျိုးစုံနဲ့ လုပ်နေကြတယ်။ ဒီအမှုမှမဟုတ်ဘဲ ထုတ်ဖော်မပြောရဲတဲ့ အမှုတွေလည်း အများကြီးရှိတယ်။ အဲဒီအပေါ်မှာ ကျမတို့ကတော့ အမျိုးသမီးတွေ လုံခြံမှုရှိဖို့ သေသေချာချာလုပ်ဖို့ လိုအပ်ပါတယ်လို့ ပြောချင်တယ်။ ဒီလိုမျိုးသာမရှိဘူးဆိုရင် လိင်ပိုင်းဆိုင်ရာစော်ကားမှုက ထပ်ခါတလဲလဲဖြစ်လာမှာပဲ” ဟုဆိုသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ် ဆေးကုသခံယူနေသည့် တိန်ညိုတိုက်နယ်ဆေးရုံအား သူမ၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ ယင်းအပြင် အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြောက်ဦးရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
ပြီးခဲ့သည့် မေလ ၂၃ ရက်ကလည်း ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း အဓမ္မပြုကျင့်ခံခဲ့ရသည်။
အမျိုးသမီးများအား ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ အဓမ္မပြုကျင့်မှုများကို ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကို သက်ဆိုင်ရာအာဏာပိုင်များမှ တရားနည်းလမ်းအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများကို ပြေပျောက်စေရေးအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ထုတ်ပြန်ချက်ထုတ်ထားသည်။
အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဥပဒေရေးရာကုစားရေးအဖွဲ့ (LCM) ၏ စာရင်းအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လူတစ်ဦးချင်းတိုင်ကြားလာသည့်အမှု ၁၈၄ မှုနှင့် ဖုန်းဖြင့်တိုင်ကြားလာ၍ ဖုန်းဖြင့်အကြံပေးခဲ့သည့် အမှုပေါင်း ၅၉၉ မှုရှိကြောင်း ယင်းထဲတွင် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူမှုစီးပွားဆိုင်ရာ အကြမ်းဖက်မှုများပါဝင်းကြောင်း သိရသည်။
ယခင်ပြဌာန်းထားသည့် ဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ တွင် မုဒိန်းမှုကျူးလွန်သူကို အနှစ် ၂၀ ထောင်ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ မုဒိန်းကျင့်ခံရသောမိန်းမသည် မိမိမယားဖြစ်၍ အသက် ၁၂ နှစ်အောက်မဟုတ်လျှင် မုဒိန်းကျင့်သောသူကို ၂ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟူ၍ ပါဝင်သည်။
သို့သော် ပြင်ဆင်ပြဌာန်းလိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိန်းမှုကျူးလွန်သူများအား အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။







