မွန်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်လာနိုင်သလား သုံးသပ်ချက်၊ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်

မွန်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်လာနိုင်သလား သုံးသပ်ချက်၊ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်

ဒေါက်တာပညာမွန်သည် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် PhD ပါရဂူဘွဲ့ရရှိခဲ့ပြီး လက်ရှိတွင် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ မွန်တိုင်းရင်းသား ပညာရှင်တစ်ဦးဖြစ်သည်။

မွန်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်လာနိုင်သလား... ဆိုသည်နှင့်ပတ်သက်သည့် သုံးသပ်ချက်ကို ဒေါက်တာပညာမွန်နှင့် ယခုလို မေးမြန်းထားပါသည်။

မေး - တစ်နိုင်ငံလုံးအနေအထားကို လွှမ်းခြုံပြီးကြည့်လိုက်မယ်ဆိုရင် ဘယ်ဒေသတွေမှာ စစ်ပွဲတွေ ဖြစ်လာနိုင်မယ့်အလားအလာ ရှိပါသလဲ။ သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ - စစ်အာဏာသိမ်းတဲ့ကာလကစပြီးတော့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့တယ်၊ ဆန္ဒပြသမားတွေအပေါ် စစ်အာဏာပိုင်တွေဘက်က ပြင်းပြင်းထန်ထန် ဖိနှိပ်သတ်ဖြတ်တွေရှိလာတော့ တော်တော်များများက နယ်စပ်ဘက်ကို ထွက်ပြေးရောက်ရှိသွားတယ်၊ လူငယ်တော်တော်များက ကရင်၊ ကချင်နဲ့ ကရင်နီဒေသကို ရောက်သွားကြတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲမဲအနိုင်ရ NLD အဖွဲ့ဝင်တွေ တိုင်းရင်းသားနယ်မြေ နယ်စပ်ဒေသဘက်ကို တိမ်းရှောင်ရောက်ရှိလာကြပြီးတော့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဖွဲ့ထားပြီးပြီ၊ NUG အောက်မှာ စစ်ရေးအတွက် PDF ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းခဲ့တယ်၊ ဒါကိုကြည့်လိုက်ရင် တစ်နိုင်ငံလုံးအနေအထားမှာ စစ်ပွဲတွေပိုများလာဖို့ အလားအလာတွေပါ၊ ဘာဖြစ်လို့လည်းဆိုတော့ PDF တွေကို မြို့တိုင်းလိုလို မြို့နယ်တိုင်းလိုလိုမှာ ဖွဲ့စည်းထားပြီးတယ်၊ ကျနော်တို့ မွန်ပြည်နယ်မှာလည်း PDF ရှိတယ်၊ ထုတ်ပြန်ချက်တွေ သတင်းတွေကိုဖတ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။

ဒီအချက်တွေကြောင့်လည်း မြို့ပြတွေပေါ်မှာ စစ်ပွဲတွေဖြစ်လာနိုင်မယ့်အလားအလာ ရှိလာနိုင်ပါတယ်၊ ခုဆိုရင် ကယားပြည်နယ်ဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်နေတယ်၊ နောက်ပြီးတော့ ပြည်မဘက်မှာဆိုရင် စစ်ကိုင်းဒေသဘက်တွေပေါ့၊ ကျနော်သိရသလောက် ဗမာဒေသမှာ အရင်ကမဖြစ်ခဲ့ဘူးတဲ့ စစ်ပွဲတွေအရင်ဦးဆုံးစဖြစ်တဲ့နေရာတွေက အခု မကွေးတို့ စစ်ကိုင်းတို့ဘက်မှာပေါ့။

မေး - မွန်ပြည်နယ်ဘက်မှာရော စစ်ပွဲတွေဖြစ်လာနိုင်ဖို့ အလားအလာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ - ကျနော်တို့ မွန်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်မလာတာ အခြေအနေကောင်းနေတာတစ်ခုလို့ ဆိုရမလား၊ မွန်ပြည်သစ်ပါတီဟာ ပစ်ခတ်တိုက်ခိုက်ရေးကိစ္စရပ်တွေမှာ ကရင်တို့ ကချင်တို့တပ်ဖွဲ့တွေလို ပါဝင်နေတာမဟုတ်တဲ့အတွက် ကျနော်တို့မွန်ဒေသကိုယ်စားပြု PDF တွေက မွန်ပြည်သစ်ပါတီဧရိယာထဲမှာ မရှိပါဘူး၊ မွန်ပြည်သစ်ကလည်း လက်မခံပါဘူး၊ သူတို့နယ်မြေထဲမှာ သူတို့မသိရှိဘဲနဲ့ စစ်ရေးလှုပ်ရှားခွင့် ဘာမှလုပ်လို့မရပါဘူး၊ အဲဒါကြောင့် မွန်ဧရိယာထဲမှာ PDF မရှိဘူး၊ ဒီလိုမရှိသော်ငြား ဘာတွေဆက်ဖြစ်ပေါ်နိုင်မလဲဆိုရင် ကျနော်တို့ မွန်ပြည်နယ်ထဲက Gen Zee လို့ခေါ်တဲ့ လူငယ်တွေမှာ စစ်ပညာသင်ယူလိုတဲ့လူငယ်တွေအနေနဲ့ ကရင်လက်နက်ကိုင်တွေဆီ အဆက်အသွယ်ယူရတယ်၊ ကရင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိလာတယ်၊ စစ်ပညာသင်ပြီးရင် မြို့ပေါ်တွေဆီပြန်သွားကြ ဒီလိုနဲ့ သူတို့ထုတ်ပြန်ကြေညာချက်တွေ သတင်းတွေမှာ တွေ့နေရပါတယ်။

ဒါပေမယ့် ကယားပြည်နယ်မှာလို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတဲ့အထိဖြစ်မလာနိုင်သေးဘူး၊ မော်လမြိုင်ကနေ တောင်ဘက်ပိုင်း ရေးအထိ မော်လမြိုင်ခရိုင်တစ်ခုလုံးက မြို့ပေါ်တွေမှာတော့ တိုက်ပွဲကြီးတွေ ကယားပြည်နယ်မှာလို စစ်ကိုင်းဘက်မှာလို ဖြစ်လာဖို့မလွယ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်၊ ဘာဖြစ်လို့စစ်ပွဲတွေဖြစ်လာဖို့ ခက်ခဲနေရသလဲဆိုရင် ပထဝီအနေအထားက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေကို ဖြတ်သန်းလာပြီးမှ မြို့ပေါ်ဝင်တိုက်လို့ရမယ့်အနေအထားပါ၊ တိုက်ပွဲတွေဖြစ်ပြီးလို့ ဆုတ်ခွာဖို့လမ်းကြောင်းမှာလည်း မွန်ပြည်သစ်ပါတီထောက်ခံမှုမရရင် လက်မခံရင် လုံးဝမဖြစ်နိုင်တဲ့အနေအထားပါ။

ကယားဘက် ကချင်ဘက် စစ်ကိုင်းဘက်မှာ တိုက်ပွဲဖြစ်နေတာက တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခု ကျောထောက်နောက်ခံပေးထားနိုင်လို့ပါ၊ သူတို့နယ်မြေထဲဖြတ်သန်းသွားလာခွင့်ရရှိထားမှ ဖြစ်နိုင်မှာပါ။ အဲဒါကြောင့် မွန်ပြည်နယ်တောင်ပိုင်း (မော်လမြိုင်ခရိုင်တစ်ခုလုံး) မှာ တိုက်ပွဲကြီးတွေဖြစ်လာဖို့ဆိုတာ သိပ်ကိုမလွယ်တဲ့အနေအထားဖြစ်ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်မြောက်ပိုင်း သထုံခရိုင်ဘက်မှာဆိုရင်တော့ တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်၊ သထုံ၊ ဘီးလင်းတို့ ကျိုက်ထိုတို့ ဘက်မှာဆိုရင် သိပ်ကိုဖြစ်လာနိုင်တဲ့အနေအထားပါ၊ အခုဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထဲမှာဆိုရင် NLD ထောက်ခံတဲ့လူငယ်အများစုပါဝင်နေတယ်၊ NLD မဟုတ်တာလည်း ပါဝင်တယ်၊ ဒါပေမယ့်နည်းပါတယ်၊ အမာခံတွေက NLD အဖွဲ့ဝင်တွေပါ၊ မွန်ပြည်နယ်အနေအထားနဲ့ တွက်ကြည့်ရင်လည်း မြောက်ပိုင်းဒေသမှာက NLD ထောက်ခံသူတွေများတယ်၊ ဒါကြောင့် PDF အင်အားလည်း များနိုင်ပါတယ်၊ နောက်တစ်ချက်က စစ်ရေးလှုပ်ရှားမှုတွေမှာ ကရင်တပ်ဖွဲ့တွေ ပါဝင်လှုပ်ရှားပြီး ထောက်ပံ့မှုတွေပေးနေတယ်၊ ဒါကြောင့် သထုံဘက်က PDF တွေအင်အားကြီးလာပြီး ကရင်လက်နက်ကိုင်အဖွဲ့ ထောက်ပံ့မှုနဲ့ မြို့ပေါ်တွေမှာ စစ်ဆင်ရေးလုပ်လာနိုင်တဲ့အလားအလာရှိလာနိုင်တယ်၊ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် မွန်ပြည်နယ်တောင်ပိုင်းဘက်မှာတော့ ခြိမ်းခြောက်မှုတွေ ဥပမာ - ဗုံးထောင်တာ လက်ပစ်ဗုံးနဲ့ပစ်ပေါက်တာမျိုး ရှိတော့ရှိနိုင်တယ်၊ မြို့ပေါ်မှာတိုက်ပွဲဆင်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။

Photo - ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန် (Ponnya Mon)

Most read this week

May 20, 2024
မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး ( NMSP-AD ) သက်တမ်း ၃ လပြည့်အနေဖြင့် ပြည်တွင်းပြည်ပရှိ...
May 17, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီပွဲတော်အကြောင်းပြကာ ...
May 16, 2024
မွန်အမျိုးသားပညာရေးဌာနအောက်ရှိ စာသင်ကျောင်းတို့တွင် လာမည့်စာသင်နှစ်အတွက် သင်ကြားရေးဝန်ထမ်းအဖြစ်...
May 15, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကုလားဂုတ်ကျွန်း၌ ငါးဖမ်းစက်လှေတို့နှင့်...