ထော်ရွဲရွာရှိ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုလုပ်ဆောင်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ခံရ

ထော်ရွဲရွာရှိ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုလုပ်ဆောင်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ခံရ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထော်ရွဲရွာရှိ အခြေခံပညာအလယ်တန်း (ခွဲ) ကျောင်း၌ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုလုပ်ဆောင်သူများကို အရေးယူဆောင်ရွက်သွားမည်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အ.လ.က (ခွဲ) ထော်ရွဲကျောင်းအုပ်ဆရာမကြီးတို့က ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

ပြီးခဲ့သည့်မေလ (၂၅) ရက်နေ့က စာသင်ကျောင်း၏ တံခါးပေါက်နှင့် အုတ်တံတိုင်းများတွင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း စာသားများ သွားရောက်ရေးသားသူများ၊ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ်တွင် တင်သူများနှင့် ပြန်လည်မျှဝေသူများကို ဖမ်းဆီးအရေးယူမည့်အပြင် CDM (အာဏာဖီဆန်မှု) လုပ်နေသူများကိုလည်း အချိန်မရွေး အရေးယူရနိုင်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခြိမ်းခြောက်ပြောဆိုလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “လူငယ်တစ်ဦးက ကျောင်းရှေ့ဖြတ်သွားတော့ အဲ့ဒီစာကိုမြင်ပြီး ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်လိုက်တယ်။ အဲ့ပို့စ်ကို ရှဲတဲ့သူများတော့ ထော်ရွဲဆရာမကြီးရယ်၊ ထော်ရွဲကမ်းနားကဆရာမကြီးနဲ့ ရွာသူကြီးတို့တိုင်ပင်ပြီးတော့ မြကြာဖြူရွာက BGF ကုန်းကို သွားတိုင်ပြီး ပို့စ်တင်တဲ့သူနဲ့ ကျောင်းမှာစာရေးခဲ့တဲ့သူတွေကို ဖမ်းခိုင်းတယ်။ သတင်းဓာတ်ပုံကို ထပ်ဆင့်ပြန်လည်မျှဝေသူများရှိမယ်ဆိုရင် အရေးယူဆောင်ရွက်သွားမယ်လို့ပြောတယ်” ဟု ပြောသည်။

၎င်းလုပ်ဆောင်နေသူများကို အရေးယူပေးနိုင်ရန်အတွက်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့သည် ဒေသအတွင်းရှိ BGF မှ ဗိုလ်မှူးဦးစောစိုးနိုင်ထံကိုလည်း အရေးယူဖမ်းဆီးပေးရန် သွားရောက်အကူအညီတောင်းခဲ့ခြင်းရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့်ပတ်သက်၍ စာသွားရောက်ရေးသူနှင့် လူမှုကွန်ရက်ပေါ် ဓာတ်ပုံတင်သူများကို ထော်ရွဲကျေးရွာအုပ်ချုပ်ရေးမှူးက နာမည်စာရင်းမှတ်ထားသည့်အပြင် ၎င်းနာမည်စာရင်းရှိသူ၏ နေအိမ်များကိုလည်း ရဲနှင့်စစ်သားများက သွားရောက်စုံစမ်းမေးမြန်းမှုလည်းရှိသည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်းအချို့သည် ကျောင်းပြန်လည်ဖွင့်လှစ်နေပြီးဖြစ်သလို မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိသည့်အထဲတွင် ထော်ရွဲ အ.လ.က (ခွဲ) ကျောင်းသည်လည်း ကျောင်းအပ်နှံသူများမရှိသည့်အတွက် ကျောင်းပြန်လည်မဖွင့်နိုင်သေးသည့်အပြင် ၎င်းကျောင်းမှ ကျောင်းဆရာ/မ (၁၄) ဦးရှိသည့်အနက် (၇) ဦးမှာ CDM တွင် ပါဝင်ထားသည်ဟု သိရသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...