ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ဒေသခံအကြား ပစ်ခတ်မှုတွင် ဒေသခံအရပ်သား ၂၃ ဦး အဖမ်းဆီးခံခဲ့ရပြီး ယခုအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် လှေဆွဲကျေးရွာအတွင်း ဒေသခံ ၅ ဦးနှင့် ရေကြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် လှေဆွဲကျေးရွာသားမဟုတ်သော ဒေသခံအရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ပစ်ခတ်မှုဖြစ်တဲ့နေ့က ရေကြည်ဘက်ကိုပြေးသွားတဲ့ အရပ်သား ၁၈ ယောက်ကို ရေကြည်ဘက်ကလာတဲ့ စစ်ကြောင်းကနေ ဖမ်းသွားတယ်။ အဲ့ ၁၈ ယောက်ထဲမှာ ယောက်ျားလေး ၄ ယောက်ကို စစ်ကြောရေးဘက်ကို ခေါ်သွားတယ်လို့ ကြားတယ်။ ကျန်တဲ့ မိန်းကလေးတွေကျတော့ အုပ်ချုပ်ရေးမှူးအိမ်မှာထားတယ်တဲ့။ အခုထိ ပြန်မရောက်ကြသေးဘူး။ နောက်ပြီး လှေဆွဲမှာကျတော့ ဦးပကြေးနဲ့ သူ့ရဲ့ကားဒရိုင်ဘာရယ် နောက်ပြီး နောက်ထပ်ဒေသခံ ၃ ယောက်လည်း ဖမ်းထားတယ်” ဟု ကေအိုင်စီသို့ပြောသည်။
လှေဆွဲကျေးရွာမှ ဦးပကြေးဆိုသူမှာ ၎င်း၏ကားဖြင့် လက်နက်များသယ်လာကြောင်း ဒလန်၏ သတင်းအမှားပေးမှုကြောင့် စစ်ကောင်စီတပ်မှစတင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းနှင့် ပစ်ခတ်မှုမဖြစ်ပွားခင် ဒေသခံကျေးရွာသား ၃ ဦးကို စတင်ဖမ်းဆီးသွားပြီး ပစ်ခတ်မှုအတွင်း နောက်ထပ် ၂ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။
စစ်ကောင်စီ၏ နိုင်ငံပိုင်သတင်းမီဒီယာ၏ ဖော်ပြချက်အရ အဆိုပါပစ်ခတ်မှုအတွင်း လက်လုပ်ဂက်စ်သေနတ် ၆ လက်နှင့်အတူ အကြမ်းဖက်ဆောင်ရွက်သူ ၂ ဦးကို အရှင်ဖမ်းမိကြောင်းနှင့် ပစ်ခတ်မှုအတွင်း အရပ်သား ၃ ဦး သေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြကြေညာသွားခဲ့သည်။
သို့သော် လက်ရှိ မြေပြင်သတင်းများအရ ပစ်ခတ်မှုအတွင်း လှေဆွဲကျေးရွာသား ၃ ဦးအပြင် မဲဇလီရွာသားတစ်ဦးမှာ ဝက်သားလာရောက်ဝယ်ယူရန် ဆိုင်ကယ်ဖြတ်မောင်းသွားစဉ် စစ်ကောင်စီ၏ အပစ်သတ်ခံခဲ့ရပြီး အဖမ်းဆီးခံရသူ ဦးပကြေးဆိုသူမှာလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ဆိုသည်။
လတ်တလောထွက်ပေါ်လာသည့် သတင်းများအရ အရပ်သားသေဆုံးသူမှာ ၄ ဦးသာရှိသော်လည်း ကျုံပျော်ရင်ခွဲရုံသို့ အလောင်း ၇ လောင်းရောက်ရှိနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်ကိုကိုးကား၍ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသလို ၎င်း ၇ ဦးတွင် ဦးပကြေးဆိုသူလည်းပါဝင်ကြောင်း ပြောဆိုကြပြီး ကေအိုင်စီအနေဖြင့် ၎င်းကိစ္စကို သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လတ်တလောတွင် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာသားများကိုလည်း ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာရန် ခေါ်ယူနေကာ ယမန်နေ့ကလည်း ဒေသခံလူကြီးများကို အစည်းအဝေးခေါ်ယူ၍ ပစ်ခတ်မှုအတွက် တောင်းပန်ကြောင်းပြောဆိုသလို ၎င်းတို့၏အလုပ်တွင်လည်း ဝင်မရှုပ်ကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“သူတို့ (စစ်ကောင်စီ) ဘက်ကနေ ပြည်သူဘက်က လူကြီးပိုင်းတွေကို မနေ့က အစည်းအဝေးခေါ်ပြီးတော့ သူတို့ဘက်က အခုလို လိုအပ်တဲ့သူကို လာဖမ်းတဲ့အချိန် ဒီကလက်နက်နဲ့မတန်ဘဲနဲ့ လာပြီးတော့ခုခံတာကို သူတို့ဘက်က ပြန်ပစ်မိတဲ့အတွက် သူတို့မှားတယ်ပေါ့ တောင်းပန်တဲ့ပုံစံနဲ့အချိုသပ်တယ်။ သူတို့ အမှားလုပ်မိတာကို တောင်းပန်တဲ့ပုံစံမျိုးပြောပြီး ထပ်ပြီးတော့ သူတို့လိုအပ်တဲ့သူကို လာဖမ်းတဲ့အခါ အခုလိုမျိုး ဝင်မရှုပ်ဖို့နဲ့ ဝင်ရှုပ်ရင် ထပ်ပစ်မယ်ဆိုတဲ့အကြောင်း ပြောသွားသေးတယ်တဲ့” ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ဒလန်၏သတင်းပေးမှုမှအစပြု၍ လှေဆွဲဒေသခံများကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မဟုတ်သည့် ကျေးရွာသားများနှင့် စစ်ကောင်စီအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။







