မင်းတပ်စစ်ဘေးရှောင်များ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ

မင်းတပ်စစ်ဘေးရှောင်များ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ

ကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မင်းတပ်မြို့နယ်က စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အထူးလိုအပ်နေပြီး ကျန်းမာရေးပိုင်းမှာလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “အဓိကအခက်အခဲကတော့ တောထဲမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေပေါ့နော်။ ကလေးမွေးဖို့ အခက်အခဲဖြစ်တယ်။ ပြီးခဲ့တဲ့လပိုင်းမှာတင် ကျမတို့ကြုံရတယ်။ ပစ္စည်းပို့တာမျိုးလည်း အချိန်မီမရနိုင်ဘူး။ လမ်းမှာမွေးတဲ့သူတွေနဲ့ အခက်အခဲဖြစ်တယ်။ နို့တိုက်မိခင်တွေလည်း ကိုယ်တိုင်အဟာရဖို့လိုတာပေါ့။ အစားအသောက် အဆင်မပြေတော့ မိခင်ကော၊ ကလေးကော ဒုက္ခရောက်ရတယ်။ အမျိုးသမီးငယ်တွေအတွက်လည်း သူတို့ အဝတ််တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတာဆိုတော့ ဓမ္မတာလာချိန်တွေမှာ ဒုက္ခရောက်ရတယ်။ ရေချိုးတဲ့နေရာမှာကအစ အိမ်သာတက်တာကအစပေါ့” လို့ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ကျေးရွာရှိဆွေမျိုးတွေဆီမှာ နေထိုင်ကြတာရှိသလိုဘုရားကျောင်းတွေ၊ တဲထိုးအိမ်တွေမှာ အစုလိုက် နေထိုင်ကြတာလည်းရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “နေထိုင်ပုံကတော့ နှစ်မျိုးရှိတာပေါ့။ ရွာတွေမှာ ထွက်ပြေးတဲ့တိမ်းရှောင်တဲ့သူတွေအနေနဲ့ အမျိုးအိမ်မှာနေရင် ပိုပြီးလုံခြုံတာပေါ့။ ကျောင်းတို့၊ တဲတို့မှာစုနေတဲ့ စစ်ရှောင်တွေအတွက်ကတော့ ပိုပြီးစိုးရိမ်ရတာပေါ့။ ရဲစခန်းတွေရှိတဲ့ ရွာတွေမှာဆိုရင် စစ်တပ်တွေက အဲနေရာအထိရောက်တော့ စိုးရိမ်နေကြရတဲ့နေရာတွေရှိတယ်” လို့ ပြောပါတယ်။

အလံဖြူထောင်ပြီး နေရာချထားတဲ့ စစ်ဘေးရှောင်စခန်းတချို့ကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့အတွက် ထပ်မံနေရာပြောင်းရွှေ့ရတဲ့ အနေအထားတွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်က စားဝတ်နေရေးဖြစ်ပေမဲ့ ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ရာမှာ အထူးစိုးရိမ်ရတယ်လို့ စစ်ဘေးရှောင်တွေကို ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ရာမှာပါဝင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မင်းတပ်ဒေသခံတစ်ဦးဖြစ်သူက “စစ်ဘေးရှောင်တွေအားလုံးလိုလိုရဲ့ အခက်အခဲကတော့ စားဝတ်နေရေးပဲ။ အဲဒီနေရာတွေမှာ အစိုးရက အသိအမှတ်မပြုတော့ ထောက်ပံ့မှုတွေလုပ်ရမှာလည်း အရမ်းခက်တယ်။ အန္တရာယ်တော်တော်ကြီးတယ်။ ပြီးတော့ ကျန်းမာရေးကိစ္စပေါ့။ တုပ်ကွေးတွေ၊ ဝမ်းပျက်ဝမ်းလျှောတွေကို အဓိကစိုးရိမ်ရတယ်။ နောက်အခက်အခဲကတော့ ရွာတွေမှာ ရှောင်တဲ့သူမဟုတ်ပဲ တောထဲထိရှောင်ရတဲ့သူတွေအတွက်ဆိုရင် ပြောင်းရွှေ့လို့ရတဲ့မိုးကာတွေ တကယ်လိုအပ်နေတယ်” လို့ပြောပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတွေဆီ စစ်ဘေးတိမ်းရှောင်လာသူမေလ (၂၂) ရက်နေ့အထိ စာရင်းပြုစုနိုင်မှုအရ ၆,၀၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးဆီကနေ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က မင်းတပ်မြို့ပေါ်ရှိ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို အကန့်အသတ်နဲ့ လက်ခံမယ်လို့ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမဲ့ ဒေသခံတွေအနေနဲ့ မြို့ပေါ်ပြန်ရမယ့်အတူတူ ကိုယ့်အိမ်ကိုပဲပြန်မယ်လို့ ပြောဆိုနေကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို တိုက်ပွဲတွေပြန်ဖြစ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ မြို့တွင်းကို ယနေ့အထိ ပြန်မလာရဲသေးပါဘူး။

နိုင်ငံတကာကြက်ခြေနီအသင်းဥက္ကဌနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ ဇွန်လ (၃) ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ကြက်ခြေနီအသင်းဥက္ကဌက ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုကို ဘေးကင်းစွာလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...