ဖားအံတွင် လိုင်စင်မဲ့မော်တော်ယာဉ်အသုံးပြုသူများ အရေးယူတော့မည်ဟု စစ်ကောင်စီလိုက်လံကြေငြာ

ဖားအံတွင် လိုင်စင်မဲ့မော်တော်ယာဉ်အသုံးပြုသူများ အရေးယူတော့မည်ဟု စစ်ကောင်စီလိုက်လံကြေငြာ

ဖားအံမြို့တွင် ယာဉ်မတော်တဆမှုများ လျော့ကျစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းပြ၍ မှတ်ပုံတင်ထားခြင်းမရှိသည့် (လိုင်စင်မဲ့) မော်တော်ယာဉ် အသုံးပြုသူများကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီထုတ်ပြန်ပြီး ဇွန်လ ၂ ရက်၊ ညပိုင်းတွင် ရပ်ကွက်များ၌ အော်လံ (အသံချဲ့စက်) ဖြင့် လိုက်လံကြေငြာခဲ့သည်ဟု မြို့ပေါ်နေပြည်သူများထံမှ သိရသည်။

မှတ်ပုံတင်ထားခြင်းမရှိသည့် (လိုင်စင်မဲ့) မော်တော်ယာဉ်အသုံးပြုသူ ယာဉ်မောင်းများကို စစ်ဆေးတွေ့ရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် မော်တော်ဆိုင်ကယ်အသုံးပြုသူများကိုလည်း စစ်ဆေးတွေ့ရှိပါက ဒေသလိုင်စင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

အဆိုပါသတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များကို ယခု ဇွန်လ ၇ ရက်နေ့မှစတင်၍ စစ်ဆေးအရေးယူတော့မည်ဖြစ်သည့်အပြင် ထိုစည်းကမ်းချက်များကို မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ရပ်ကွက်အတွင်း သတိပေး ပြောဆိုထားသည်။

ဖားအံမြို့ခံတစ်ဦးက “စစ်ကောင်စီဘက်က အကြောင်းပြချက်အမျိုးမျိုးလုပ်ပြီး လိုက်တင်းကြပ်တယ်။ သူတို့လိုက်ဖမ်းတာ လူတွေက ကြောက်ရတဲ့အထဲ ဒီလို ကား၊ ဆိုင်ကယ်တွေ ထပ်ဖမ်းမယ်ဆိုတော့ လူထုတွေက ဘယ်မှ မသွားလာရဲတော့ဘူး။ ဖားအံမှာက သိတဲ့အတိုင်းပဲ without တွေနဲ့ပဲ သွားလာတာများတယ်။ ရွာကလူတွေလည်း မြို့ထဲလာမရဲတော့ဘူး။ အားလုံးက ကြောက်နေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လိုက်ကြေငြာထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်ထဲတွင် သောက်စားမူးယစ်ပြီး ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်စီးသူများ ဦးထုပ်ကို စနစ်တကျဆောင်းရန်နှင့် (၂) ဦးထက် ပိုမစီးရန်၊ ဆူညံသည့် အိတ်ဇောများ တပ်ဆင်အသုံးမပြုရန်နှင့် ဆိုင်ကယ်နောက်ကြည့်မှန် တပ်ဆင်ရမည့်အပြင် ဆိုင်ကယ်နှင့်အတူ ယာဉ်လိုင်စင် (ဝှီးတက်) ပါရမည်ဖြစ်ကြောင်းလည်း သတ်မှတ်ထားသည်။

ကရင်ပြည်နယ် ဖားအံမြို့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံရေးရုံးများ တည်ရှိနေသည့်အတွက် အချို့မော်တော်ယာဉ်များမှာ ဒေသဆိုင်ရာ အဖွဲ့အစည်းလက်မှတ်ထုတ်ပေးသည့် လိုင်စင်နှင့် သွားလာလျက်ရှိကာ အဖွဲ့အစည်းလိုင်စင် ထုတ်ပေးခြင်းမှန်ပါက ယခင်အစိုးရလက်ထက်တွင် မောင်းနှင်ခွင့်ပေးထားသည်။

ယခင်အစိုးရလက်ထက်တွင် ဖားအံမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတွက် လမ်းပိတ်စစ်ဆေးခဲ့စဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ အဖွဲ့စုံ ပူးပေါင်းပါဝင်စစ်ဆေးမှုရှိခဲ့သော်လည်း အာဏာသိမ်းပြီး ယခု စစ်ကောင်စီလက်ထက်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ခြင်းရှိ/မရှိကိုမူ မသိရသေးပေ။

လက်ရှိအချိန်တွင် ဖားအံမြို့ အဝင်/အထွက်များကိုလည်း လုံခြုံရေးအကြောင်းပြု၍ စစ်ကောင်စီတပ်ဘက်မှ ရှောင်တခင် စစ်ဆေးမှုများ မကြာခဏပြုလုပ်သည့်အတွက် အချို့ကျေးရွာနေလူထုများမှာ မြို့ပေါ်သို့ သွားရောက်စျေးဝယ်ယူရန် စိုးရိမ်နေကြသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...