ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနောက်ဒေါနဘက်ခြမ်း မုလအိတောင်ခြေတစ်လျှောက် ကျေးရွာများပေါ်တွင် ယမန်နေ့ (ဇွန်လ ၁) ရက်နေ့ ည (၁) နာရီကျော်အချိန်ခန့်က လေယာဉ်တစီး လာရောက်ပျံဝဲသည့်အတွက် ပစ်ခတ်မှုများဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "မနေ့ည ၁ နာရီခွဲလောက်မှာ လေယာဉ်တစ်စီးလာတယ်။ အရင်က တခါမှမလာဖူးဘူး။ အကြာကြီးပဲ လာဝဲတယ်။ ကော့ကရိတ်ကနေ ကျနော်တို့ရွာဘက်လာပြီး မုလအိတောင်ဘက်ခြမ်း ပြန်သွားပြီး ပျောက်သွားတယ်။ ရွာလူကြီးတွေ ပြောင်းအိပ်ခိုင်းလို့ ရွာသားတွေကလည်း ရှောင်အိပ်ရတာ ၃ ရက်လောက်ရှိပြီ။ လာပစ်ဖို့ရှိလား၊ မရှိဘူးလားတော့ သေချာမသိဘူး။ လူကြီးတွေကတော့ ကျင်းပုန်းတွေကြိုတူးထားတာရှိတယ်" ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် မုလအိ တောင်ခြေရွာတရွာဖြစ်သည့် ကျိတ်ကျေးရွာတွင် စစ်ကောင်စီတပ်စခန်းတစ်ခုရှိသည့်အတွက် စခန်းအနီးတွင်နေထိုင်သည့်နေအိမ်များအနေဖြင့် ညအချိန်တွင် ပြောင်းရွှေ့အိပ်ကြရန်နှင့် ကျင်းပုန်းများတူးထားကြရန် ကျေးရွာတာဝန်ရှိသူများမှ ကြိုတင်အသိပေး နှိုးဆော်မှုများလည်းရှိသည်ဟု ရွာသားများထံမှ သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်ချက်အရ ကော့ကရိတ်မြို့နယ်တွင်ရှိပြီး မြန်မာအစိုးရသတ်မှတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်ရှိသည့် မုလအိတောင်ခြေဒေသတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းတပ်ဖွဲ့များအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသည်။







