မြန်မာဘက်ခြမ်းမှ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ရုတ်တရက်ပိတ်ချခြင်းကြောင့် နေရပ်ပြန်အလုပ်သမား ၄၀၀ နီးပါး ပိတ်မိနေ

မြန်မာဘက်ခြမ်းမှ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ရုတ်တရက်ပိတ်ချခြင်းကြောင့် နေရပ်ပြန်အလုပ်သမား ၄၀၀ နီးပါး ပိတ်မိနေ

ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်းမှ ရုတ်တရက်ပိတ်ချလိုက်ခြင်းကြောင့် နေရပ်ပြန်မြန်မာအလုပ်သမား ၄၀၀ နီးပါး ပိတ်မိသွားကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

မြန်မာဘက်ခြမ်းမှ ကိုဗစ်အကြောင်းပြချက်ဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ၁၄ ရက်တာ ပိတ်ထားမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ နေရပ်ပြန်လာကြသည့် မြန်မာအလုပ်သမား ၃၉၄ ဦးမှာ ထိုင်းနိုင်ငံဘက်ခြမ်း တံတားပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးအနီးဝန်းကျင်များတွင် သောင်တင်၍ ဒုက္ခရောက်နေကြကြောင်း ကိုရဲမင်းက ယခုလိုပြောသည်။

၎င်းက “ရုတ်တရက် တံတားက ၁၄ ရက်ဆိုပြီး ကောက်ပိတ်လိုက်တော့ ဟိုးဘက်မှာ ထိုင်း-မြန်မာနယ်စပ် တောမောင်း (လဝက) ရုံးတွေမှာ သောင်တင်နေတဲ့သူတွေအကုန်လုံး ဒုက္ခရောက်သွားတာပေါ့။ အပေါ်ကနေ လူတွေပို့ချလာတယ်။ ဒီမှာက တစ်ရက်ခြားတစ်ခါပို့ရင် နှစ်ရာပဲပို့ရတဲ့အတွက် လူတွေက ထပ်ပုံနေရော။ ကြားထဲမှာ လူသုံးလေးရာကို မြန်မာဘက်ခြမ်းက လက်ခံလို့ရရဲ့သားနဲ့ ရုတ်တရက်ပိတ်ချလိုက်တော့ ထိုင်းဘက်ခြမ်းမှာ အကုန်သောင်တင်ကုန်တာပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်အာဏာရှင်အနေဖြင့် တိုင်းပြည်၏အုပ်ချုပ်ရေးကို နားမလည်သလို ပြည်တော်ပြန် အခြေခံလူတန်းစား မြန်မာအလုပ်သမားများ၏ အခြေအနေများကိုလည်း နားမလည်ဘဲ ယခုလို မိမိစိတ်ကြိုက် ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် အလုပ်သမားများ ဒုက္ခရောက်ရခြင်းဖြစ်သည်ဟုလည်း ကိုရဲမင်းက ဆက်ပြောသည်။

လက်ရှိ သောင်တင်ပိတ်မိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် နေစရာနေရာ အမိုးအကာနှင့် ရေချိုးခန်း အိမ်သာမရှိဘဲ ဒုက္ခရောက်စွာနေကြရသလို အဆိုပါ နေရပ်ပြန်အလုပ်သမားများတွင်လည်း မွေးကင်းစကလေးငယ်များနှင့် နာမကျန်းဖြစ်နေသူများပါဝင်နေကြောင်းလည်း AAC မဟာမိတ်အဖွဲ့က ပြောသည်။

လတ်တလောတွင် ထိုင်းနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့လူနာ မြှင့်တက်လာခြင်းကြောင့် နယ်ကျော်ဖြတ်သန်းသွားလာမှုများကို ကန့်သတ်ထားသော်လည်း မြန်မာပွဲစားများမှ သံရုံးထောက်ခံစာဖြင့်ပြန်နိုင်ကြောင်း ငွေကြေးအဆမတန်တောင်းခံ၍ မြန်မာအလုပ်သမားများကို လိမ်လည်ခေါ်ယူခံရသည့် ပုံစံများလည်းရှိနေကြောင်း ကိုရဲမင်းက သတိပေးပြောဆိုထားသည်။

၎င်းက “အခုလို ခေတ်ပျက်ကြီးမှာ လုပ်စားကြတဲ့ ပွဲစားတွေက မြန်မာသံရုံးထောက်ခံစာရမယ်၊ မြန်မာသံရုံးထောက်ခံစာကို ဘတ် ၂၅၀၀ နဲ့ ၃၀၀၀ လောက်အထိ ကောက်ပြီးတော့ မြန်မာသံရုံးထောက်ခံစာပါရင် ပြန်လို့ရတယ်ဆိုပြီးတော့ မက်လုံးတွေပေးပြီး လိုက်လိမ်တယ်။ ပြီးရင် အိမ်ပြန်ကားခတွေကို လ.ဝ.က အဖမ်းပုံစံနဲ့ပြန်ရင် အနည်းဆုံးက ၂၅၀၀ ပဲရှိတာကို ၅ ထောင်၊ ၆ ထောင်၊ ၇ ထောင်လောက်တွေယူပြီးတော့ အနည်းဆုံး အလုပ်သမားတစ်ယောက် ဘတ်တစ်သောင်းကျော်လောက်ပေးပြီး ပြန်လာရတာ။ မြန်မာသံရုံးထောက်ခံစာဆိုတာကလည်း လိမ်ထားတာ။ သံရုံးထောက်ခံစားနဲ့ ပြန်လို့မရဘူး” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ နေရပ်ပြန်လာကြသည့် မြန်မာအလုပ်သမားများသည်လည်း နေထိုင်ခွင့်လက်မှတ်နှင့် အလုပ်သမားလက်မှတ်များ အပြည့်အစုံရှိနေသော်လည်း အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသည့်ပုံစံဖြင့် ထိုင်းလ.ဝ.ကကို ငွေကြေးပေး၍ ပြန်ကြရသည့်ပုံစံဖြစ်ကြောင်းလည်း AAC မဟာမိတ်အဖွဲ့က ဆိုသည်။

ထိုသို့ သံရုံး၏ထောက်ခံစာကို အကြောင်းပြ၍ လိုက်လံငွေကြေးရယူနေသည့် ပွဲစားများကိုလည်း AAC မဟာမိတ်အဖွဲ့မှ အလုပ်သမားများ၏ တိုင်ကြားထားမှုအရ သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း AAC မဟာမိတ်အဖွဲ့က ပြောဆိုထားသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...