ကရင်ပြည်နယ်၊ မြဝတီခရိုင် ဖလူးကျေးရွာအနီး ယမန်နေ့ဖြစ်ပွားခဲ့သည့် ခွဲထွက် (DKBA) နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်ဖွဲ့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃၂ ဦးကျဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်၏ ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ယမန်နေ့ည ၈ နာရီအချိန် ဆက်သွယ်ချက်အရ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်မှ သေဆုံးသူ ၃၂ ဦးတွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ ၂၉ ဦးပါဝင်ပြီး BGF မှ ၃ ဦးဖြစ်ကြောင်း ရှေ့တန်းစစ်မြေပြင်ရောက် သတင်းများအရ သိရသည်ဟု ဒူးပလာခရိုင်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ယမန်နေ နေ့လည် ၁ နာရီအချိန်က စစ်ကောင်စီပူးပေါင်းတပ်နှင့် ခွဲထွက် (DKBA) တပ်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲကြောင့် ဒေသခံကျေးရွာသား ၄၀၀ ကျော် ဘေးလွှတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။
ယမန်နေ့ တိုက်ပွဲမဖြစ်ပွားခင် တစ်နေ့က စစ်ကောင်စီဘက်မှ စစ်ကား ၁၁ စီးဖြင့်တက်သွားကြောင်း ဒေသခံ မျက်မြင်သက်သေများကဆိုပြီး ယနေ့တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီဘက်မှ သတ်မှတ်နယ်မြေကို ကျော်လာခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ခွဲထွက် DKBA ကို ဦးဆောင်သည့် ဗိုလ်ချုပ်စောကျော်သက်က ဆိုသည်။
ယနေ့တိုက်ပွဲကို ခွဲထွက် (DKBA) ဘက်မှ ဗိုလ်ချုပ်စောကျော်သက်ဦးဆောင်ပြီး အခြားလက်နက်ကိုင်အဖွဲ့အစည်းများလည်းပါဝင်၍ စစ်ကောင်စီဘက်တွင်မူ မြဝတီမြို့နယ် နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ နယ်ခြားစောင့်တပ် (BGF) က ၁၀၂၂ တပ်ရင်းမှ ပါဝင်အားဖြည့်၍ ဖြစ်ပွားနေခြင်းဖြစ်သည်။
အလားတူ နယ်ခြားစောင့်တပ် (BGF) ၁၀၂၂ တပ်ရင်းဘက်မှ တပ်ဖွဲ့ဝင်တချို့ ခွဲထွက် (DKBA) ဘက်သို့ သွားရောက်ပူးပေါင်းမှုများရှိနေသည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် ဗိုလ်ချုပ်စောကျော်သက်ဦးဆောင်သော ခွဲထွက် (DKBA) အဖွဲ့သည် ပြီးခဲ့သည် ၂၀၁၅ ခုနှစ်ကလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ခွဲထွက်ကာ သီးသန့်ရပ်တည်လျက်ရှိပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတိုက်ပွဲအပါအဝင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစွာဖြစ်ခဲ့ဘူးကြောင်း သိရသည်။







