KNU - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း ရိက္ခာဖြတ်တောက်ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်မှ ရိက္ခာကူညီပို့ဆောင်ပေးမှု ပြုလုပ်ပေးခဲ့သည်ဟု KNU ၏ ပြန်ကြားရေး သူးလေသတင်းစဉ်၌ ယမန်နေ့ မေလ ၃၀ ရက်နေ့ ညတွင် ဖော်ပြထားသည်။
ယခုလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်မှ ၎င်းတို့ နယ်ခြားစစ်သုံး စက်လှေ ၄ စီးနှင့် အရပ်သားသုံး Honda စက်တပ်ရေယာဉ် ၁ စီးကိုအသုံးပြု၍ စစ်ကောင်စီ၏ ရီးကြာထာစခန်းမှ မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ကော်လူဒဲကျေးရွာအုပ်စုရှိ လယ်စေး (စောထော) အထိ စစ်ကောင်စီစခန်းများသို့ ရိက္ခာကူညီပို့ဆောင်ခဲ့သည်ဟု KNU က ဆိုသည်။
KNU တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က “အောက်ကပို့လာတဲ့သတင်းအရ စစ်ကောင်စီတပ်ကပို့လာတဲ့ ရိက္ခာတွေကို ထိုင်းနယ်ခြားတပ်က ကူပို့ပေးတယ်လို့ပြောတယ်။ စစ်လှေအမဲ ၄ စီးနဲ့က ၉ ခေါက်လောက်ပို့ပြီးတော့ Honda စက်တပ်လှေ တစ်စီးနဲ့ကျတော့ ၈ ခေါက်လောက်ပို့ပေးတယ်။ ရီးကြာထာမှာ တစ်နေရာနဲ့ လယ်စေးမှာရှိတဲ့ စစ်ကောင်စီစခန်းမှာတစ်နေရာပို့ပေးတယ်။ သူတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးအရ ပို့ပေးတဲ့သဘောလား ဘာလားတော့မသိဘူး” ဟု ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
ထို့အပြင် လက်ရှိ စစ်ကောင်စီတပ်များကို ရိက္ခာဖြတ်တောက်ထားခြင်းမှာလည်း ဒေသခံပြည်သူလူထုများအပေါ် စစ်ကောင်စီတပ်၏ ဖိနှိပ်အနိုင်ကျင့်မှုကို ဟန့်တားရန်အတွက်ဖြစ်ကာ ထိုင်းစစ်တပ်အနေဖြင့်လည်း အရပ်သားပြည်သူလူထုများ၏ ထိခိုက်နစ်နာမှုများအပေါ် စာနာ ထောက်ထားရန်လိုအပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးအားမြောက်မှုများ မပြုလုပ်သင့်ကြောင်းလည်း ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။
ထိုင်းစစ်တပ်မှ ၅ ရက်တာအတွင်း အဆိုပါ စစ်သုံးစက်လေ ၄ စီးဖြင့် ၉ ခေါက်နှင့် စက်တပ်ရေယာဉ် ၁ စီးဖြင့် ၈ ခေါက် စုစုပေါင်း ၁၇ ခေါက် ပို့ဆောင်ပေးခဲ့သော်လည်း လတ်တလော စစ်ဘေးရှောင်နေရသည့် ဒေသခံ အရပ်သားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုမူ ဒေသတွင်း ထိုင်းအာဏာပိုင်များက ကန့်သတ်ပိတ်ပင်မှုများ ပြုခဲ့သေးသည်။
အလားတူ စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် မတ်လအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်စစ်ဘေးရှောင်များကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်မောင်းထုတ်ခဲ့ခြင်းမျိုးလည်း ပြုလုပ်ခဲ့သေးပြီး လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများလည်း ပေးအပ်ခဲ့ခြင်းမျိုးမပြုခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်မှုပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများက ဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခေးပူဒေသဘက်သို့ ရိက္ခာတင်ပို့မှုများပြုလုပ်ရာတွင် တမေထာဒေသအထိ ရောက်ရှိလာသောကြောင့် နံနက် ၈ နာရီ မိနစ် ၄၀ ခန့် အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း (၁) နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရသည်။
တစ်ချိန်တည်းတွင်ပင် ကြော့ခယ်ကြိုးတပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကြော့ခယ်ကြိုးကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံးနှင့် မောကို၊ ကော်ထယ်ဒဲကျေးရွာဘက်သို့ လက်နက်ကြီး ၂ လုံး ပစ်ချခဲ့သေးကြောင်း KNU ၏ သူးလေသတင်းစဉ်က ထုတ်ပြန်ထားသည်။







