ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှု နောက်ဆုံးသက်သေမရောက်၍ ဇွန် ၁၁ ရက်နေ့သို့ ထပ်မံရုံးချိန်း

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှု နောက်ဆုံးသက်သေမရောက်၍ ဇွန် ၁၁ ရက်နေ့သို့ ထပ်မံရုံးချိန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို မနေ့ မေလ ၂၈ ရက်နေ့က နေ့လယ်ပိုင်းက စစ်တွေတရားရုံးမှာ Video Conferencing စနစ်နှင့် ရုံးထုတ်ခဲ့ပြီး နောက်ဆုံး စစ်ဆေးရန်ကျန်နေသည့် တရားလိုဖက်မှ သက်သေမရောက်၍ လာမယ့် ဇွန်လ ၁၁ ရက်နေ့သို့ ရုံးချိန်း ထပ်မံရွေ့ဆိုင်းလိုက်ကြောင်း ဦးညီပု၏ အမှုဆောင်ရှေ့နေနှင့် မိသားစုထံမှ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “ဒီတစ်ပတ်မှာတော့ ဦးညီပုက ဘာမှမပြောပါဘူး။ Video Conferencing စနစ်နဲ့ ရုံးထုတ်တယ်။ သက်သေမရောက်လို့ နောက်လ ၁၁ ရက်နေ့ကို ရုံးထပ်ချိန်းလိုက်တယ်။ သူ့ကို အဂတိကော်မရှင်က စစ်ဆေးတာနဲ့ပတ်သက်လို့လည်း ဘာမှမပြောဘူး” ဟု ပြောပြသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားလိုဖက်မှ သက်သေ (၅) ဦးရှိသည့်အနက် စစ်ဆေးရန်တစ်ဦးသာ ကျန်တော့ကြောင်း သိရသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူ မကြည်ကြည်ဦးကလည်း ဖခင်ဖြစ်သူနှင့် လူချင်းတွေ့ခွင့်ရဖို့ ကြိုးစားနေကြောင်းနှင့် မနေ့ကရုံးချိန်းမှာ သက်သေမရောက်လာ၍ အမှုမစစ်ဆေးဖြစ်ခဲ့ကြောင်းကိုပြောပြီး အဂတိကော်မရှင်၏ စစ်ဆေးမှုနှင့်ဆက်စပ်ပြီး မသိရသေးကြောင်း ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ ရုံးတင်စစ်ဆေးနေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ရုံးချိန်း (၉) ကြိမ်တိတိရှိပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုစွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...