ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၁၀၉ ဦးရှိလာ

ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၁၀၉ ဦးရှိလာ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းဖြစ်တစ်ခုဖြစ်သည့် ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု တိုးလာလျက်ရှိပြီး ဧပြီလမှစတင်၍ မေလ ၂၇ ရက်နေ့အထိ ၂ လအတွင်း ကူးစက်ခံရသူစုစုပေါင်း ၁၀၉ ဦးအထိရှိလာသည်ဟု စခန်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် (၇၄) ဦးတွင် ဆေးစစ်ချက်အရ ပိုးမတွေ့ရှိတော့ဘဲ ပျောက်ကင်းသွားပြီဖြစ်သည့်အတွက် ရောဂါကုသသည့်စင်တာမှ ဆင်းခွင့်ရကာ လက်ရှိအချိန်တွင် စခန်းအတွင်း ရောဂါပိုးရှိသူ ၃၅ ဦး ကျန်ရှိနေသေးကြောင်း အမည်ဖော်လိုသူ စခန်းကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ပြောသည်။

၎င်းစခန်းကော်မတီဝင်က "ကိုဗစ်ပိုးရှိတဲ့အထဲမှာ အရင်က ထိုင်းအစိုးရဆေးရုံကို ၃ ယောက်ပို့တာရှိတယ်။ အဲဒီ ၃ ယောက်ကလည်း သက်သာလာပြီးဆိုတော့ စခန်းကိုပြန်လာနေပြီ။ အခု ရောဂါပျောက်တဲ့လူ ၇၄ ဦးကလည်း အိမ်ပြန်ပြီး အားလုံး Home Quarantine ပေးနေရတယ်။ တစ်ရက်ပြီးတစ်ရက် ကူးစက်သူ အမြဲတိုးလာတော့ ပိုးတွေ့တဲ့လူတွေကို စခန်းထဲကဆေးရုံထဲမှာမဟုတ်ဘဲ သီးသန့်ကုသဆောင်မှာထားပြီး ကုသပေးတယ်" ဟု ပြောသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိနေဆဲဖြစ်သည့်အတွက် စခန်းတွင်း အဝင်/အထွက်အားလုံးကို (Lock Down) ပိတ်ထားလိုက်ပြီး စခန်းအတွင်းရှိ နေထိုင်သူများအားလုံးကိုလည်း သွားလာခွင့်မရဘဲ (Home Quarantine) နေအိမ်အတွင်းသာ နေထိုင်ရသောကြောင့် ရက်ပေါင်းကြာလာသည့်အမျှ အချို့တွင် စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိလာသည်ဟု စခန်းတွင်နေထိုင်သည့်တစ်ဦးက ပြောသည်။

၎င်းက “အခု စခန်းထဲမှာ အပြင်ကစားစရာတွေ အရင်လိုဝင်တာလို့မရတော့ဘူး။ ပြီးတော့ လိုက်ဝယ်လို့လည်းမရဘူး။ လူတွေကလည်း စားချင်တာတွေမစားရ၊ ဟိုသွားဒီသွားမလုပ်ရဘူးဆိုတော့ ဟိုလိုက်တွေး ဒီလိုက်တွေဖြစ်ကြာတော့လည်း စိတ်ရောဂါတွေရလာတာရှိတယ်။ ပိုးတွေ့လူကလည်း အမြဲများလာတယ်ဆိုတော့ ဒီလိုမျိုး ဘယ်လောက်ကြာကြာနေရမလဲဆိုတာလည်း မသိရဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထိုင်းနိုင်ငံတွင် ဧပြီလမှစတင်၍ ကိုဗစ်-၁၉ တတိယလှိုင်းပြန်ဖြစ်လာသောကြောင့် ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ထိုင်းအာဏာပိုင်များမှ အသွားအလာ ပိုမိုတင်းကြပ်လာသည့်အတွက် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအားလုံးကိုလည်း အဝင်/အထွက် တင်းကြပ်ထားသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘမ့်ဒုံယမ်းနှင့် အမှတ် (၁)၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် စုစုပေါင်းဒုက္ခသည်စခန်း (၉) ခုရှိပြီး လူဦးရေ ၉၀၀၀၀ (ကိုးသောင်း) ကျော် ခိုလှုံနေလျက်ရှိသည်။

April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...