ချင်းပြည်နယ်တွင် လက်ရှိအချိန်အထိ ကျောင်းအပ်နှံသူအများဆုံးမှာ ပလက်ဝမြို့နယ်ဖြစ်ကြောင်းနှင့် ကျောင်းပေါင်း ၈ဝဝ ခန့် ဖွင့်နိုင်မည်ဟုဆို

ချင်းပြည်နယ်တွင် လက်ရှိအချိန်အထိ ကျောင်းအပ်နှံသူအများဆုံးမှာ ပလက်ဝမြို့နယ်ဖြစ်ကြောင်းနှင့် ကျောင်းပေါင်း ၈ဝဝ ခန့် ဖွင့်နိုင်မည်ဟုဆို

ချင်းပြည်နယ်အတွင်း စစ်ကောင်စီမှဖွင့်လှစ်ထားသောကျောင်းတွင် ‌ကျောင်းအပ်နှံသောနေ့မှစ၍ ယနေ့လက်ရှိအချိန်ထိ ကျောင်းအပ်နှံသူဦးရေ အများဆုံးမှာ ပလက်ဝမြို့နယ်ဖြစ်ကြောင်းနှင့် ကျောင်းပေါင်း ၈ဝဝ ခန့် ဖွင့်နိုင်မည်ဟု ချင်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူး ဆရာဦးဘီကူဒူးထံမှ သိရသည်။

"ပလက်ဝမြို့နယ် အများဆုံးပဲ၊ ပလက်ဝမှာ CDM ဝင်တဲ့ ဆရာ၊ ဆရာမ မရှိသလောက်ပဲ ဒီနေ့ မေလ ၂၇ ရက်အထိ ပလက်၀မှာ ကျောင်းအပ်နှံသူ ၂၃၀၃ ဦးရှိတယ်၊ ချင်းပြည်နယ်မှာ ကျောင်းအပ်နှံသူ အများဆုံးက ပလက်ဝပဲ၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံး၊ လက်ရှိချိန်ထိ မူလတန်းက ၃,၇၁၀၊ အလယ်တန်းက ၂,၁၈၃၊ အထက်တန်းက ၅၃၃ ဦး၊ စုစုပေါင်းက ၆,၄၂၆ ဦးရှိပြီ။ CDM ဝင်တဲ့ ဆရာ၊ ဆရာမတွေကတော့ ခုလောလောဆယ်တော့ ရာထူးကနေ ရပ်ဆိုင်းထားကြောင်း အစိုးရက ကြေညာတယ်လေ၊ ဒါမယ့်လို့ အယူခံလို့ရတယ်လေ၊ ခြောက်လအတွင်း သူတို့ အယူခံလို့ရှိရင် ညွှန်ချုပ်ကနေသုံးသပ်ပြီးတော့ ပြန်ခန့်လို့ရတယ်လေနော်။ သူတို့ပြန်ဝင်ချင်တယ်ဆိုရင် အယူခံရမယ်၊ ကာယကံရှင်က။ တစ်ကယ်လို့ သူတို့ခြောက်လကျော်သွားလို့ အယူမခံဘူးဆိုရင်တော့ အလုပ်ပြုတ်ပြီလေ။ ဆရာ၊ ဆရာမတွေက အခု အလုပ်နားထားတာဆိုတော့ သင်ကြားရေးဘက်မှာတော့ တော်တော်လေးနစ်နာမယ်။ ဥပမာ - ဟားခါးက အ.ထ.က (၁) ကျောင်းဆိုရင် ၉၀ ကျော်ရှိတာ၊ ခုဆိုရင် ဆရာက ၇ ယောက်လောက်ပဲရှိတာ၊ သဘောက ကျောင်းတော့နစ်နာတာပေါ့၊ အဲ့တာကြောင့် ကျွန်တော်တို့ ဒီနေ့ ပညာရေးမှူးတွေရဲ့ တင်ပြချက်အရပေါ့နော် လောလောဆယ် ဖြစ်နိုင်တဲ့ကျောင်းမှာ စုစုပေါင်းကျောင်း က ၁,၅၁၆ ကျောင်းထဲမှာ ၇၇၅ ပဲဖွင့်နိုင်မှာ၊ အဲ့လိုမျိုးရာထားတယ်။ ကျန်တဲ့ကျောင်းတွေကတော့ ဆရာမရှိဘူးဆိုတော့ ဖွင့်နိုင်မှာမဟုတ်ဘူး" ဟု ချင်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူးမှ ပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင် ကျောင်းဆရာ၊ ဆရာမဦးရေမှာ ၉,၆၆၇ ဦးခန့်ရှိပြီး ယခုထုတ်ပယ်ထားသောဦးရေမှာ ၄၀၀၀ ကျော်ခန့်ရှိကြောင်းလည်း သိရသည်။

"တစ်ကယ်လို့ ခြောက်လအတွင်း ဆရာ၊ ဆရာမတွေက အယူမခံဘူးဆိုရင် အလုပ်ထုတ်မယ် ပြီးရင် ခုက အလုပ်ခေါ်စာလည်း ကြေညာထားပြီဆိုတော့ ဒေါက်တာဘွဲ့နှင့် မာစတာကို သူက အထက်တန်းပြတန်းခန့်မာတဲ့၊ Honest တန်းသမားတွေကို လယ်ပြခန့်မယ်၊ ပြီးရင် BA, BSC တွေကို မူပြခန့်မှာပေါ့၊ သူက အစမ်းမဟုတ်ဘူး၊ နေ့စားပေးမဟုတ်ပဲနဲ့ အတည်ခန့်မှာ။ စာမေးပွဲဖြေပြီးတော့ပေါ့နော်။ သင်ကြားရေးပိုင်းကတော့ ကျွန်တော်ထင်တယ် နွေရာသီလောက်မှာ သူတို့ပေးရင်ပေးမှာပါ" ဟု ပြည်နယ်ပညာရေးမူးက ဆိုသည်။

ဖလမ်းမြို့တွင် ကျောင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်ပြီး  "ပြီးခဲ့တဲ့ရက်တုန်းက ဖလမ်းမြို့နယ်မှာ ကျောင်းနှစ်ကျောင်း ဗုံးပေါက်သွားတာတော့ရှိတယ်၊ အဲ့ဟာက ပညာရေးမှူးနှင့် သူတို့ ခရိုင်မှူးတို့ ဆုံးဖြတ်ရမှာဖြစ်တယ်၊ မိဘတွေနဲ့ပေါ့။ ဥပမာ - တစ်ဆောင်က အခန်းကပျက်စီးနေမယ်ဆိုရင် တစ်ခြားလွတ်တဲ့အခန်းရှိရင် သူတို့ မိဘတွေ ဆရာ၊ ဆရာမတွေ ပညာရေးမှူးတွေနဲ့ညှိပြီးတော့ လုံခြုံရေးကောင်းပါတယ်ဆိုရင်တော့ သူတို့ ဖွင့်မှာပါ၊ ကျွန်တော်တို့ ပြည်နယ်ရုံးနဲ့တော့ မဆိုင်ဘူးပေါ့နော်။ ကျောင်းအုပ်ကြီးရယ် အကျိုးတော်ဆောင်ရယ် မိဘတွေရယ် ညှိနှိုင်းပြီးတော့ သူတို့ဆုံးဖြတ်ရမယ်ပေါ့နော်။ ခုတစ်လောက ကျောင်းက ဗုံးလည်းခဏခဏဖောက်ခွဲခံရတာဆိုတော့ ကလေးတွေအတွက်တော့ တပ်မတော်ဘက်က လုံခြုံရေးကိုတော့ ယူပေးမယ်လို့တော့ ပြောထားတာရှိတယ်ပေါ့နော်" ပြည်နယ်ပညာရေးမှူးမှ ပြောသည်။

လက်ရှိအချိန်ထိ ကျောင်းအပ်နှံသော ကျောင်းသားဦးရေအများဆုံးမှာ ပလက်ဝမြို့နယ်ဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ တီးတိန်မြို့နယ်နှင့် တတိယအများဆုံး နေရာယူထားသောမြို့မှာ ဖလမ်းမြို့နယ်ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသော မင်းတပ်မြို့နယ်တွင် ကျောင်းအပ်နှံမူ မရှိနိုင်သေးသလို ထန်တလန်မြို့နယ်သည် ယနေ့ထိ ကျောင်းအပ်နှံသူ အနည်းဆုံးမြို့ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...