Covid-19 တုန့်ပြန်ဆောင်ရွက်မှုတွင် မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်နေတိုင်းရင်းသားလူထု ချန်လှပ်ခံရဟု KHRG ထုတ်ပြန်

Covid-19 တုန့်ပြန်ဆောင်ရွက်မှုတွင် မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်နေတိုင်းရင်းသားလူထု ချန်လှပ်ခံရဟု KHRG ထုတ်ပြန်

အာဏာသိမ်းမှုမတိုင်ခင်ရှိနေခဲ့သည့် ယခင်အစိုးရ၏ Covid-19 တုန့်ပြန်ဆောင်ရွက်မှု အစီအစဉ်များတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားလူနည်းစုနေထိုင်သည့် ကျေးလက်ဒေသများ ချန်လှပ်ခံခဲ့ရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ယမန်နေ့က အစီရင်ခံစာတစ်စောင် ပြုစုထုတ်ပြန်ခဲ့သည်။



ယခင် ဗဟိုအစိုးရ၏ ကိုဗစ်စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်စေရဟူ၍ ပြောဆိုထားသော်လည်း တကယ့်လက်တွေ့တွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေ တိုင်းရင်းသားပြည်သူများမှာ အကူအညီအထောက်အပံ့ မရရှိခဲ့ကြောင်းကို ဖော်ထုတ်တင်ပြလိုခြင်းဖြစ်ကြောင်း အစီရင်ခံစာနှင့်ပတ်သက်ပြီး KHRG ဒါရိုက်တာ နော်ထူးထူးက ယခုလိုပြောသည်။



၎င်းက "စစ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက် ကိုဗစ်-၁၉ စီးပွားရေး ကုသမှုအစီအစဉ် စီမံချက်တစ်ခုလုပ်ဆောင်ခဲ့တယ်။ အဲဒီစီမံချက်က အထူးသဖြင့် KNU ထိန်းချူပ်နယ်မြေထဲမှာ အကူအညီရောက်တာ နည်းပါးတယ်။ ထောက်ပံ့နေတဲ့အဖွဲ့အစည်းကြီးတွေက ဗဟိုအစိုးရကိုဖြတ်ရတဲ့အတွက် အစိုးရဲ့နယ်မြေမှာပဲ ဦးစားပေးလုပ်ရတာများတယ်။ အဲ့ဒီအတွက် တိုင်းရင်းသားနယ်မြေတွေမှာ အကူအညီအပံ့အပိုးအများကြီး မရောက်ရှိဘူး" ဟု ကေအိုင်စီသို့ ပြောသည်။



ထို့အပြင် ၎င်းအစီရင်ခံစာသည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်တွင် တိုင်းရင်းသားဒေသတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ၎င်းတို့၏  အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့ကူညီရေးအပိုင်းများနှင့် ကျေးလက်နေ ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များ၊ တောင်းဆိုမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များ၊ အစိုးရများမှသိရှိစေရန် ဒေသခံများကိုမေးမြန်းထားပြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာဖြစ်သည်။



အခန်း (၇) ခန်းပါ အစီရင်ခံစာအရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် တိုင်းရင်းသားကျေးလက်ဒေသများ၌ စီးပွားရေးအခက်အခဲများ ကြုံတွေ့ခဲ့ရပြီး အစားအသောက်မလုံလောက်မှုများ ခံစားရသည့်အပြင် အစိုးရ၏ချန်လှပ်ထားခြင်းခံရမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး - KNU အပြင် ဒေသအတွင်းရှိ လူမှုအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ဒေသခံများကို ထောက်ပံ့နိုင်ရန် ၎င်း၏အစီအစဉ်နှင့် အဖြေရှာ ဆောင်ရွက်နေရကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။



၎င်းအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏ ကုစားမှုအစီအစဉ် စီမံချက်မှာလည်း မှေးမှိန်ပျောက်ကွယ်သွားသလို မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ကိုလည်း ပွင့်လင်းမြင်သာစွာ မသိရသည့်အတွက် လက်ရှိတွင် ယခင်အခြေအနေထက် ပိုမိုဆိုးရွားစွာ ကြုံတွေ့နေကြောင်း KHRG က ဆိုသည်။



မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်ရှိ တိုင်းရင်းသားများသည် ကာလကြာရှည်စွာ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုကြောင့် နေရပ်ပြောင်းရွှေ့နေထိုင်ရခြင်း၊ ဗဟိုအစိုးရ၏ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများကြောင့် အကူအညီအထောက်အပံ့ မလုံလောက်မှုများကို ဆက်လက်ကြုံတွေ့နေရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံလောက်မှုမရှိသော ကိုဗစ်-၁၉ ရောဂါတုန့်ပြန်မှုဆိုင်ရာ အခြေခံအဆောက်အဦးပျက်စီးစေကာ တိုင်းရင်းသားလူနည်းစုများအတွက် လက်ငင်းလိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက် ဖြည့်ဆည်းဖြေရှင်းမှုများ ပိုမိုလိုအပ်နေကြောင်းလည်း KHRG ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် NGOs အဖွဲ့အစည်းအနေဖြင့် ဗဟိုအစိုးရအပေါ် အမှီမပြုသည့် ထိရောက်သော စောင့်ကြည့်စစ်ဆေးမှုယန္တရားကို ဖွဲ့စည်းပေးရန်၊ ဒေသခံလူထုများအတွက် ထိတွေ့လုပ်ဆောင်နေသည့် အစုအဖွဲ့များကို တိုက်ရိုက်ကူညီထောက်ပံ့မှုပေးရန်နှင့် ဒေသတွင်းအရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ကာကွယ်စောင့်ရှောက်ပေးသူများတို့ကို ဦးစားပေးချိတ်ဆက် ပံ့ပိုးကူညီပေးရန် KHRG ၏ အစီရင်ခံစာ၌ တောင်းဆိုထားသည်။



ကရင်လူ့အဖွဲ့အစည်း (KHRG) ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ကာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံများကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းယူ၍ အစီရင်ခံစာထုတ်ပြန်ခြင်း၊ ဖြန့်ဝေခြင်းနှင့် လူ့အခွင့်အရေး ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ပြည်သူများအား အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...