ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် လှိုင်းဒဏ်ကြောင့် နေအိမ်အလုံး ၃၀ ကျော်ပျက်စီး၊ ဒီရေနှင့်အတူ ရေလှိုင်းများတက်လာမည်ကိုစိုးရိမ်၍ ရွာသားအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရ

ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် လှိုင်းဒဏ်ကြောင့် နေအိမ်အလုံး ၃၀ ကျော်ပျက်စီး၊ ဒီရေနှင့်အတူ ရေလှိုင်းများတက်လာမည်ကိုစိုးရိမ်၍ ရွာသားအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် လှိုင်းဒဏ်ကြောင့် နေအိမ် ၃၂ လုံး ပျက်စီးသွားပြီး မုန်တိုင်းကြောင့် လှိုင်းနှင့်အတူ ဒီရေ တက်လာမည်ကိုစိုးရိမ်၍ ကမ်းအနီးမှ ကျေးရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျှက်ရှိကြကြောင်း သဲခုံကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။

“ရွာသားငါးဆယ်လောက် ဒီနေ့မနက်မှာပဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားကြပါပြီ။ နှစ်တိုင်း ဒီအချိန်ရောက်လို့ မုန်တိုင်းရှိတယ်ဆိုရင် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးရစမြဲပါ။ အခုလည်း လှိုင်းလုံးကြီးတွေလာပုတ်လို့ အိမ်တွေ ပျက်စီးသွားပါတယ်။ အိမ်တွေကတော့ တစ်ရက်တည်းနဲ့ ပျက်စီးသွားတာမျိုး မဟုတ်ပါဘူး။ မိုးရာသီဆိုရင် အဲဒီလှိုင်းဒဏ်ကြောင့် တစ်နေ့ကို ငါးလုံး၊ ဆယ်လုံး အဲဒီလို ပျက်စီးနေတာပါ။ ရွာက မြေနိမ့်ပိုင်းဖြစ်နေပြီမို့ တစ်ရွာလုံး ရေပြည့်လျှံနေပါတယ်” ဟု ပြောသည်။

ပျက်စီးသွားသည့် နေအိမ် ၃၂ လုံးတွင် လုံးဝပျက်စီးသွားသည့်နေအိမ် ၇ လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် ၂၅ လုံးဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာသား ၅၀ ခန့်မှာ လက်ရှိတွင် ယင်းကျေးရွာအနီးရှိ ဂြင်းချောင်းကျေးရွာမှ စာသင်ကျောင်း၌ စုပေါင်းကာ ခိုလှုံလျှက်ရှိကြကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့ရွာမှာ စာသင်ကျောင်းလည်း ရေကမ်းစပ်ကိုရောက်သွားပါပြီ။ ဒီရေတက်ချိန်ဆို စာသင်ကျောင်းမှာ ရေပြည့်ပါတယ်။ မိုးရာသီရောက်လို့ လှိုင်းကြီးရင် တစ်ရွာလုံးမှာ ရေပြည့်တယ်။ ရွာသားတွေအတွက် အရမ်းအန္တရာယ်ရှိပါတယ်။ ဒါကို သက်ဆိုင်ရာလူကြီးတွေဆီက လှိုင်းကာတစ်ခုခုလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မုန်တိုင်းဖြတ်ကျော်မယ့်ရက်ဆိုရင် တစ်ရွာလုံး အထုပ်အပိုးတွေနဲ့ ထွက်ပြေးရပါတယ်။ ရွာကို ရေပြည့်လျှံလာပြီး အန္တရာယ်ဖြစ်မှာစိုးလို့ပါ” ဟု ၄င်းကပြောသည်။

လက်ရှိတွင် နေအိမ်များပျက်စီးသွားသည့် မိသားစုဝင်များအနေဖြင့် နီးစပ်ရာ ဆွေမျိုးများအိမ်၌ နေထိုင်လျှက်ရှိကြကြောင်း နေအိမ်ပျက်စီးရာတွင် ပါသွားသည့် ဦးမှဲ့နီချေက ပြောသည်။

“အခုက အိမ် သုံးဆယ်လောက် ပျက်စီးသွားတယ်။ နောက်နှစ်ရက်လောက်နေရင် ထပ်ပြိုမယ့် အိမ်တွေရှိပါသေးတယ်။ ကျွန်တော့်မှာ အခုအိမ်လှိုင်းပုတ်လို့ ပျက်စီးသွားတဲ့အတွက် သူများအိမ်မှာ တက်နေရပါတယ်။ ရွာမှာ ရေလည်း ပြည့်လျှံနေပါတယ်။ ရွာထဲမှာ လှေလှော်သွားလို့ရပါတယ်။ ဒီလိုဖြစ်နေတော့ လုပ်စားလည်းမဖြစ်ဘူး။ ရွာက အရမ်းအန္တရာယ်ရှိနေပါတယ်။ ကျွန်တော်တို့ရွာကို လူကြီးတွေကို လှိုင်းကာမိအောင် စစ်တွေမှာလို ကမ်းထိန်းနံရံတွေ လုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင်လည်း ယခုကဲ့သို့ လှိုင်းရေကြီးမှုကြောင့် နေအိမ် အလုံး ၃၀ ကျော် ပြိုပျက်စီးသွားကြောင်း သိရသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၃၆ဝ ခန့်နှင့် လူဦးရေ ၁၄ဝဝ ကျော်ရှိကြောင်း၊ မိုးရာသီရောက်လျှင် နှစ်တိုင်းနီးပါး ဒီရေလှိုင်းပုတ်ဒဏ်ကို ကျေးရွာသားများမှာ ခံစားနေကြရကြောင်း ကျေးရွာသားများပြောပြချက်အရ သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...