ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြေပုံမြို့နယ်တွင် လူနေအိမ် ၁၁ လုံးပျက်စီး

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြေပုံမြို့နယ်တွင် လူနေအိမ် ၁၁ လုံးပျက်စီး

ဆိုင်ကလုန်းမုန်တိုင်းကြောင့် လှိုင်းလုံးများရိုက်ပုတ်ရာက ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျွန်းသာယာအုပ်စု၊ ပြင်ဝန်းကျေးရွာတွင် လူနေအိမ် ၁၁ လုံး ပျက်စီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ လူနေအိမ်များမှာ ယနေ့ နံနက် ၇ နာရီခန့်က မိုးသက်လေပြင်းနှင့်အတူ ရေလှိုင်းရိုက်ပုတ်မှုကြောင့် ပျက်စီးသွားခြင်းဖြစ်သည်ဟု ပြင်ဝန်းကျေးရွာ အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးမောင်မောင်ဆန်းက ပြောသည်။

ပျက်စီးသွားသည့် နေအိမ် ၁၁ လုံးအထဲတွင် ၇ လုံးမှာ လုံးဝပျက်စီးသွားပြီး ကျန် ၄ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးသွားကြောင်း ၎င်းက ပြောသည်။

“သူတို့က ကမ်းခြေဘက်မှာနေတာ။ အဲလှိုင်းပုတ်ခတ်လိုက်တာ။ လှိုင်းက အရမ်းကြောက်ဖို့ကောင်းပါတယ်။ မျက်လုံးတောင်ဖွင့်မကြည့်ရဲပါဘူး။ အဲလို လှိုင်းရိုက်ခတ်လိုက်လို့ အိမ်တွေ ပြိုပျက်သွားတာ။ လေက သိပ်တော့မပြင်းပါဘူး။ လှိုင်းလုံးပဲ ကြီးတာပါ” ဟု ပြောသည်။

ပျက်စီးသွားသည့်နေအိမ် ၁၁ လုံးထဲတွင် ကုန်စုံဆိုင်နှင့် စက်ပစ္စည်းအရောင်းဆိုင်များပါဝင်သဖြင့် ၄င်းဆိုင်များမှ ပစ္စည်းအချို့မှာလည်း လှိုင်းနှင့်အတူ ပင်လယ်ဘက်သို့ မျောပါသွားကြောင်း သူကဆက်ပြောသည်။

“အဲဒီပျက်စီးသွားတဲ့အိမ်တွေထဲမှာ ကုန်စုံဆိုင်တို့၊ စက်ပစ္စည်းဆိုင်တို့ ပါပါတယ်။ အဲဒီဆိုင်ပိုင်ရှင်တွေမှာဆိုရင် ဆိုင်ကပစ္စည်း ၅၀ ရာခိုင်နှုန်းလောက် မျောပါသွားတယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ရွာသားတွေက ဝိုင်းဝန်းပြီး ကူပြောင်းပေးနေကြပါတယ်။ အခုထိတောင် လှိုင်းလုံးတွေက ကြီးနေတုန်းပါ” ဟု ယနေ့နေ့လယ်က ဆက်သွယ်စဉ် ပြောကြားသည်။

ထိုကဲ့သို့ လူနေအိမ်များ ပျက်စီးသွားသည့်အတွက် ယင်းနေအိမ်များမှ မိသားစုဝင်များမှာ ကျေးရွာရှိ ဆွေမျိုးများနေအိမ်တို့တွင် ခိုလှုံလျှက်ရှိကြကြောင်း ပြင်ဝန်းကျေးရွာမှ ဒေသခံ ကိုမောင်မောင်စိုးက ပြောသည်။

“အိမ်တွေကတော့ ပျဉ်ထောင်၊ ပျဉ်ခင်းတွေ၊ ဓနိမိုး၊ သွပ်မိုးအိမ်တွေပါ။ သူတို့ကတော့ အခု ဆွေမျိုးတွေအိမ်မှာ နေနေကြပါတယ်။ လူပေါင်း ၃၀ လောက်တော့ရှိမယ်ထင်တယ်” ဟု ပြောသည်။

ပြင်ဝန်းကျေးရွာတွင် အိမ်ခြေ ၂၂၀ နှင့် လူဦးရေ ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...