NCA အပစ်ရပ် (၈) ဖွဲ့မှ စစ်ကောင်စီနှင့်ဆွေးနွေးရန် နိုင်ငံတကာထံ အကူအညီတောင်းခံမှုအပေါ် ဥပဒေစိုးမိုးရေးအခြေခံနှင့် ဆန့်ကျင်ကြောင်း

NCA အပစ်ရပ် (၈) ဖွဲ့မှ စစ်ကောင်စီနှင့်ဆွေးနွေးရန် နိုင်ငံတကာထံ အကူအညီတောင်းခံမှုအပေါ် ဥပဒေစိုးမိုးရေးအခြေခံနှင့် ဆန့်ကျင်ကြောင်း

လက်ရှိ မြန်မာနိုင်ငံ၏ပဋိပက္ခကို ဝင်ရောက်ဖြေရှင်းပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအချို့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (NCA-EAOs) (၈) ဖွဲ့၏ အကူအညီတောင်းခံမှုသည် ဥပဒေစိုးမိုးရေးအခြေခံနှင့် ဆန့်ကျင်နေကြောင်း ဥပဒေအထောက်အကူပြုကွန်ယက် (LAN) က ယနေ့ သုံးသပ်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မေလ ၁၁ ရက်နေ့က နိုင်ငံတကာအသိုင်းအဝိုင်းတချို့ကို လိပ်မူကာ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့အနက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ လက်မှတ်ရေးထိုး၍ ၎င်းနိုင်ငံများအနေဖြင့် ကြားဝင်စေ့စပ်ရေးအခန်းကဏ္ဍမှ ပါဝင်သွားရန် တောင်းခံထားခြင်းဖြစ်သည်ဟု LAN က ဆိုသည်။

၎င်းအကူအညီတောင်းခံမှု၏ အဆိုပြုစာအရ NCA ကိုအကြောင်းပြ၍ စစ်ကောင်စီနှင့် နိုင်ငံရေးအရဆွေးနွေးရန် တင်ပြခြင်းသည် ဥပဒေကြောင်းအရ မှားယွင်းနေပြီး နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကင်းလွှတ်ခွင့်ပေးသည့်လမ်းကြောင်းကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း LAN က ထောက်ပြထားသည်။

“NCA စာချုပ်အရ ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်၍မရနိုင်သလို တရားမျှတမှုနှင့် လူ့အခွင့်အရေးကိုလည်း ရရှိမည်မဟုတ်ကြောင်း၊ ဥပဒေစိုးမိုးရေးကို ညှိနှိုင်းယူ၍မရဘဲ ထိုသို့ညှိနှိုင်းခြင်းဖြင့် ပြစ်မှုကျူးလွန်သူ၊ စာချုပ်ဖောက်ဖျက်သူများကို အရေးယူခံရခြင်းမှ ကင်းလွှတ်ခွင့်ပေးနိုင်သောကြောင့် ဥပဒေစိုးမိုးရေးအခြေခံနှင့် ဆန့်ကျင်လျက်ရှိသည်” ဟု ဆိုထားသည်။

ထို့အပြင် လက်ရှိ စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့သလို NCA သဘောတူညီချက်ပါ ပြဌာန်းချက်များကိုလည်း ချိုးဖောက်ခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံတကာဥပဒေ အခြေခံများအရလည်းကောင်း၊ နိုင်ငံတချို့၏ အတွေ့အကြုံများဖြင့် နှိုင်းယှဉ်သုံးသပ်ချက်အရ NCA စာချုပ်သည်လည်း ဥပဒေအရ တရားဝင်မှုမရှိကြောင်းလည်း LAN က သုံးသပ်ထားသည်။

ဥပဒေစိုးမိုးရေးအခြေခံဖြင့် စစ်ကောင်စီကို ဆွေးနွေးဖက်အဖြစ် ထည့်သွင်းစဉ်းစားခြင်းကြောင့် ပြည်တွင်းစစ်တစ်လျှောက်လုံးနှင့် ယနေ့အချိန်ထိ စစ်ခေါင်းဆောင်များကျူးလွန်ခဲ့သည့် ပြစ်မှုများကို ကင်းလွှတ်ခွင့်ပေးခြင်းဖြစ်သလို နောက်ထပ်ကျူးလွန်ရန် ခွင့်ပြုအားပေးရာလည်း ရောက်ကြောင်း ၎င်းတို့၏ သုံးသပ်ချက်၌ ထည့်သွင်းဖော်ပြထားသည်။

တိုင်းရင်းသားလူထုတရပ်လုံး စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ပွဲဝင်နေချိန် NCA အပစ်ရပ်အဖွဲ့များအနေဖြင့် NCA ကို ဆုပ်ကိုင်လျက် စစ်ကောင်စီနှင့် ဆွေးနွေးရေးလမ်းကြောင်း တင်သွင်းခြင်းသည်လည်း ဥပဒေစိုးမိုးရေးကို လုံးဝ မျက်ကွယ်ပြုခြင်းဖြစ်ပြီး ၎င်းတို့၏ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိခိုက်စေကာ ယခုလုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်းလည်း LAN က ဆိုသည်။

ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် NCA စာချုပ်သည် ပျက်ပြယ်သွားပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသင့်ကြောင်းနှင့် NUG အစိုးရအဖွဲ့တွင် NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၏ အဖွဲ့ဝင်များကို ထည့်သွင်းဖွဲ့စည်းရာတွင် ပြတ်သားရှင်းလင်းသည့် မူဝါဒကို ချမှတ်ဆောင်ရွက်သင့်ကြောင်း LAN က အကြံပြု တိုက်တွန်းထားသည်။

ထို့အပြင် NCA အပစ်ရပ်အဖွဲ့များအနေဖြင့် NCA စာချုပ်မှ နုတ်ထွက်ကြောင်း တရားဝင်ကြေညာရန်လိုအပ်ပြီး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ - FCDCC ၏ ဖက်ဒရယ်ဖွဲ့စည်းပုံ ဒုတိယမူကြမ်းကို ယာယီအတည်ပြုပြီး ၎င်းကိုအခြေခံ၍ ပေါ်ပေါက်လာသည့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရပ်ကို အတည်ပြုကာ စစ်အာဏာရှင် အမြစ်ပြတ်တိုက်ဖျက်ရေးတွင် ပါဝင်ရန် ဆက်လက်တိုက်တွန်းအကြံပြုထားသည်။

အဆိုပါ နိုင်ငံတကာသို့ပေးပို့သည့် အကူအညီတောင်းခံစာတွင် NCA အပစ်ရပ် (၁၀) ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ အဖွဲ့အစည်းအမည်ကို ဖော်ပြထားကြောင်းတွေ့ရသော်လည်း တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...