ဒေါ်အောင်ဆန်းစုကြည်အား တရားရုံး၌ ပထမဆုံးအဖြစ် လူကိုယ်တိုင်ရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်အား တရားရုံး၌ ပထမဆုံးအဖြစ် လူကိုယ်တိုင်ရုံးထုတ်

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး စစ်တပ်က NLD အစိုးရအား ဖြုတ်ချခဲ့ချိန်မှစကာ ပထမဆုံးအဖြစ် တနင်္လာနေ့က တရားရုံးကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည်အား လူကိုယ်တိုင် ရုံးထုတ်ကြားနာခဲ့ကြောင်း သူ့ရှေ့နေက ရိုက်တာသတင်းသို့ ပြောသည်။  

ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ပုံရပြီး တရားရုံးမကြားနာခင် သူ့ရှေ့နေအဖွဲ့နှင့် မိနစ် ၃၀ ခန့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရှေ့နေဦးသဲမောင်မောင်က ပြောသည်။

ဒီမိုကရေစီထူထောင်ရေးကြိုးပမ်းမှုများကြောင့် ၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံပြည်သူ ၄၀၀၀ ကျော်ထက်မနည်းတွင် အပါအဝင်ဖြစ်သည်။

walkie-talkie တရားမဝင်ပိုင်ဆိုင်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ဥပဒေချိုးဖောက်မှု စသောစွဲချက်များဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမှုစွဲဆိုထားခြင်းဖြစ်သည်။

ရှေ့နေအဖွဲ့နှင့် တွေ့ဆုံမှုအတွင်း ဖယ်ရှားခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူများ ကျန်းမာရေးကောင်းမွန်ရန် ဆုတောင်းခဲ့ကြောင်း” နှင့် မကြာမီ ဖျက်သိမ်းခံရနိုင်သည့် သူ့၏ NLD ပါတီအကြောင်း မေးမြန်းပြောဆိုခဲ့ကြောင်း သိရသည်။

“ပါတီဟာ ပြည်သူတွေအတွက် တည်ထောင်ထားတာဖြစ်လို့ ပြည်သူတွေရှိနေသရွေ့ ပါတီကလည်း ရှိနေမှာဖြစ်တယ်ဆိုပြီး သူကပြောပါတယ်”ဟု ဦးသဲမောင်မောင်က ရိုက်တာသို့ ပြောသည်။

မြန်မာစစ်အာဏာသိမ်းအုပ်စုက ခန့်အပ်သော ရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာရွေးကောက်ပွဲ၌ မဲမသမာမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကော်မရှင်ဝင်တစ်ဦးကိုကိုးကားပြီး သောကြာနေ့ မီဒီယာသတင်းများက ဖော်ပြသည်။  

နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ပါတီ အနိုင်ရသော ရွေးကောက်ပွဲကို မဲမသမာမှုရှိသည်ဆိုရင်း စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ စွပ်စွဲချက်အား ယခင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချထားသည်။

အာဏာသိမ်းပြီးနောက် ပထမဆုံး နိုင်ငံခြားမီဒီယာနှင့်အင်တာဗျူးတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်းပြောဆိုပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်များ၏ သတ်ဖြတ်ခံရသည့် ပြည်သူအရေအတွက်နှင့်ပတ်သက်ကာ အငြင်းပွားခဲ့သည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ နေ့စဉ် ဆန္ဒပြမှုများ၊ စုရုံးချီတက်မှုများနှင့် အာဏာသိမ်းမှုဆန့်ကျင်သော နိုင်ငံလုံးဆိုင်ရာ သပိတ်များဖြင့် မတည်မငြိမ်ဖြစ်နေသော မြန်မာနိုင်ငံတွင် အာဏာသိမ်းအုပ်စုက သေစေနိုင်သော အင်အားအသုံးပြုပြီး တုံ့ပြန်ရာ၌ ပြည်သူ ၈၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့အရ သိရသည်။

အထက်ပါ မေ ၂၀ အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှန်သေဆုံးသည့်အရေအတွက်မှာ ၃၀၀ ခန့်သာရှိပြီး ရဲ ၄၇ ဦးလည်း သေဆုံးခဲ့ရကြောင်း ပြောခဲ့သည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...