PR စနစ် မကျင့်သုံးဖို့ ရွေးကော်သစ်ကို ဒေါက်တာအေးမောင်အဆိုပြု

PR စနစ် မကျင့်သုံးဖို့ ရွေးကော်သစ်ကို ဒေါက်တာအေးမောင်အဆိုပြု

မေလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင်သစ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည့် (PR) အချိုးကျစနစ်ကို လွှတ်တော်သုံးရပ်စလုံးတွင် မကျင့်သုံးရန် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အဆိုပြုပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ AFP ကိုယ်စားလှယ်အဖြစ် ဥက္ကဋ္ဌ ဒေါက်တာအေးမောင် တက်ရောက်ခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်ပြီး PR အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရာတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် (၃) ရပ်စလုံးမှာ ကျင့်သုံးမည်ဆိုသည့်သဘောထားကို နိုင်ငံရေးပါတီများသို့ ချပြခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ကျင်းပဖို့ရှိတဲ့ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရွေးကောက်တင်မြောက်မယ့်စနစ်ကို ရွေးကော်ဥက္ကဋ္ဌက ရှင်းပြပါတယ်။ အဲဒါလည်း ပထမအကြိမ် နိုင်ရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ့ကတည်းက နိုင်ငံရေးပါတီတွေကို တင်ပြခဲ့ပြီးပြီလို့ ပြောပါတယ်။ အဲဒါကြောင့် ပါတီအများစုက ရွေးကောက်ပွဲကော်မရှင်နဲ့ တွေဆုံတုန်းက ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်လို့ သူတို့ပြောလိုတဲ့ အချက်အလက်တော်တော်များများကို ပေးပို့ထားပြီးဖြစ်တယ်လို့ UEC ဖက်က ပြောပါတယ်။ နောက်ပြီး PR စနစ်ကို လွှတ်တော် (၃) ရပ်လုံးမှာ ကျင်းပသင့်တယ်ဆိုတာကို UEC ဥက္ကဌက အဖွင့်အမှာစကားပြောတဲ့ထဲ ပါဝင်ပါတယ်။ PR စနစ်ကို လွှတ်တော်သုံးရပ်လုံး ကျင်းပမယ်ဆိုတဲ့အခါ နိုင်ငံရေးပါတီတွေဘက်ကလည်း တချို့က အမျိုးသားလွှတ်တော်မှာပဲ ကျင်းပသင့်တယ်။ တချို့ကတော့ လွှတ်တော် (၃) ရပ်လုံးမှာ ကျင်းပသင့်တယ်။ စသဖြင့် ဆွေးနွေးကြတာရှိပါတယ်”

လက်ရှိ နိုင်ငံရေးအကျပ်းအတည်းကာလမှာလည်း လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်နေကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များ (EAOs) များနှင့်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်သည့်အခါတွင် မြန်မာနိုင်ငံ၏ ဦးတည်ချက်အစစ်အမှန်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကို သွားနေခြင်းဖြစ်သည့်အတွက် PR စနစ်အား ကျင့်သုံးခဲ့မည်ဆိုပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးတင်းမာမှုများနှင့် အားနည်းချက်၊ အားသာချက်များအကြောင်း ထည့်သွင်းစဉ်းစားသင့်သည်ဟု UEC ဖက်ကို အကြံပြုတင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

“PR စနစ်မှာ ပါတီအဓိကပါ။ UEC ဥက္ကဌ ဦးသိန်းစိုးအဆိုပြုတဲ့ကိစ္စက လွှတ်တော်အမတ်တွေ မည်သူမည်ဝါဆိုတာကို မဲဆန္ဒရှင် ပြည်သူလူထုက မသိရပါဘူး။ အဲဒီ Closed List ပုံစံမျိုးက ပါတီကနေ ချိတ်ပိတ်ပြီးမှ တင်ပြတာပေါ့။ ဥပမာပြောရရင် မြို့နယ်တွေကို စုထားတဲ့ခရိုင်တစ်ခုလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီမှာ ရွေးကောက်ခံ လွှတ်တော်အမတ်အရေအတွက်က (၅) ယောက် ဖြစ်ရင်လည်းဖြစ်မယ်။ အဲဒီဟာကို စုပေါင်းပြီးတော့ ပါတီတွေက ပြိုင်ကြတာပါ။ ပါတီ နံပါတ် (၁)၊ (၂)၊ (၃) မှာ နံပါတ် (၁) ပါတီက မဲအများဆုံးရသွားရင် ရာခိုင်နှုန်း ဘယ်လောက်ရမယ်၊ ဒုတိယရတဲ့ပါတီက ဘယ်လောက်ရမယ်၊ တတိယ ရတဲ့ပါတီက ရာနှုန်းဘယ်လောက်ရမယ်၊ သူ့ရဲ့ သတ်မှတ်ရာခိုင်နှုန်းထက် ကျော်တဲ့ပါတီအားလုံးကို နေရာပေးရတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ရွေးကောက်ခံအမတ်တွေရဲ့ အကျိုးအကြောင်းနဲ့ ပါတီရဲ့ ဂုဏ်သိက္ခာ၊ အရည်အချင်းကိုလည်း လူထုကသိနိုင်အောင် Opened List ကို သူတို့ကသဘောကျတဲ့အကြောင်းကို တင်ပြတာတွေ့ရပါတယ်”

PR စနစ်ကို ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ အမျိုးအင်အားစုပါတီ (NDF) က အဆိုပြုခဲ့ပြီး ထိုအဆိုကို အမျိုးသားလွှတ်တော်မှာဆွေးနွေးကာ အတည်ပြုပေးခဲ့ကြောင်းနှင့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌဘက်က ဆွေးနွေးပွဲနှင့်ဆက်စပ်ပြီး ဆက်ဆွေးနွေးရေး မဖြစ်နိုင်သောအနေအထားကြောင့် ပြည်သူ့လွှတ်တော်တွင် အတည်မပြုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ထို PR စနစ်နှင့်ပတ်သက်ကာ ပထမကြိမ် လွှတ်တော်သက်တမ်းတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များမှာလည်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြောင်းကို ယမန်နေ့က အစည်းအဝေးမှာ တင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင်၏ ပြောကြားချက်အရ သိရသည်။

မေလ ၂၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင့်ဦးဆောင်ပါတီ (AFP) အပါအဝင် နိုင်ငံရေးပါတီပေါင်း (၅၉) ပါတီတက်ရောက်ခဲ့ပြီး တက်ရောက်ရန်စာရင်းပေးထားသည့် (၃) ပါတီမှာ ပျက်ကွက်ခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...