ဂွ NLD မှ ဦးရဲခေါင်ညွှန့်ကို ပုဒ်မ (၂) ခုဖြင့် စွဲချက်တင်

ဂွ NLD မှ ဦးရဲခေါင်ညွှန့်ကို ပုဒ်မ (၂) ခုဖြင့် စွဲချက်တင်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်ကို ယမန်နေ့ မေလ ၂၁ ရက်နေ့ ရုံးချိန်း၌ ဂွမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၃၀ (က) နှင့် စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။

ဦးရဲခေါင်ညွှန့်၏ အမှုဆောင်ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က “ကိုရဲခေါင်ညွှန့်မှာက တရားလိုပြသက်သေတွေ အကုန်လုံးကို စစ်ဆေးပြီးပြီ။ စွဲချက်တင်တာကတော့ တရားလိုပြသက်သေအားလုံးကို စစ်ဆေးရမယ်။ ပြီးတော့ လျှောက်လဲချက်ပေးရတယ်။ လျှောက်လဲချက်ပြီးရင် စွဲချက်အဆင့်ပေါ့။ အမတို့မှာ အခု စွဲချက်အဆင့်ရောက်ပြီ” လို့ ပြောပြသည်။

ဦးရဲခေါင်ညွှန့်နှင့်အတူ ဦးလူနီ (ခ) ဦးစိုးလှိုင်ကိုလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် စွဲချက်တင်ခံရကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ဆက်ပြောသည်။

လက်ရှိ ဂွမြို့နယ်မှ တရားစွဲခံထားရသူများမှာ ဂွမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးလှိုင် (ခ) ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ကိုနိုင်လင်းတို့ ဖြစ်ကြသည်။

နောက်ရုံးချိန်းကို လာမယ့် မေလ ၂၈ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်းသိရပြီး ဦးအောင်စိုးမင်းနှင့် ဦးနိုင်လင်းတို့၏ အမှုအခြေအနေ့နှင့် ပတ်သက်ပြီး ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ယခုကဲ့သို့ ဆက်ပြောသည်။

“ကိုနိုင်လင်းရဲ့ အမှုမှာကတော့ အမှုစစ်ရဲအရာရှိကို စစ်ဆေးတယ်။ ကိုအောင်စိုးမင်းအမှုကတော့ ငြိမ်းစုစီ၊ ဘေးစီမံနဲ့ အစွဲခံရတယ်။ သူ့မှာတော့ (၂) မှုရှိတယ်။ ငြိမ်းစုစီကတော့ လိုပြသက်သေတွေ ကုန်တဲ့အချိန်ပေါ့။ ဘေးစီမံကတော့ လိုပြသက်သေတွေ စစ်ဆေးပြီးလို့ စွဲချက်အမိန့်မှာ ဘေးစီမံဥပဒေပုဒ်မ ၂၅ ကနေပြီးတော့ ဘေးစီမံ ဥပဒေပုဒ်မ ၃၀ (က) ကို ပြောင်းလိုက်တယ်။ ပြောင်းလိုက်တဲ့အတွက် ကိုအောင်စိုးမင်းက အာမခံရသွားပါပြီ” ဟု ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ဆိုသည်။

ဦးရဲခေါင်ညွှန့်အပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နှင့် (ခ) စွဲဆိုခံထားရသည့် အမှုများမှာ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးအရာရှိ ဦးကျော်လင်းမှ တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဦးရဲခေါင်ညွှန့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညက နေအိမ်ကနေ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းသွားခြင်းဖြစ်ပြီး ကျန် (၃) ဦးကိုတော့ လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်းက စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...