ဝမ်းပျက်ဝမ်းလျှောနှင့် ငှက်ဖျားရောဂါကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးမှုအထိရှိလာ

ဝမ်းပျက်ဝမ်းလျှောနှင့် ငှက်ဖျားရောဂါကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးမှုအထိရှိလာ

မေလဆန်းပိုင်းကစပြီး မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် ငှက်ဖျားရောဂါများပါ ဖြစ်ပွားနေပြီး သေဆုံးမှုအထိ ရှိလာနေသည်ဟု ၎င်းတို့ကို ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေသည့် ကော်သူးလေ ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဌာန (KDHW) က ပြောသည်။

KDHW ၏ သင်တန်းတာဝန်ခံ စောဒိုးဒိုအယ်ကလူ “ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးတစ်ယောက်က ရုတ်တရက်ဆုံးသွားတာ။ ဝမ်းလျှောနေတာတော့ တစ်ရက်နှစ်ရက်ရှိပြီ။ အဲ့လို ဝမ်းလျှောပြီး သူတို့နေရာပြန်ပြောင်းတော့ ကလေးက အဖျားတက်နေတာ။ အဲမှာ ငှက်ဖျားသွေးဖောက်ကြည့်တော့လည်း pv ပေါ်တယ်။ အဲ့မှာကလည်း ဆေးကရှိမနေဘူး။ ဆေးသိုလှောင်တဲ့နေရာနဲ့ ဝေးတာလည်းပါတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် အပူချိန်မြှင့်မားမှုကို ကြုံတွေ့နေရသလို စစ်ရှောင်ပြည်သူများအနေဖြင့်လည်း တောထဲတွင် အမိုးအကာနှင့် ခြင်ထောင်များ၊ အစားအသောက်၊ သောက်ရေသန့်များ မလုံလောက်မှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ နေ့စဉ်တိုးလာပြီး ငှက်ဖျားမိသူဦးရေလည်း တိုးလာသည်ဟု စောဒိုးဒိုအယ်ကလူက ဆက်ပြောသည်။

လတ်တလော ၎င်းတို့ သွားရောက်ဆေးကုသမှုပေးနေသည့် မယ်နယူထ ဒေသတစ်ခုထဲတွင်ပင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသူ ၅၆ ဦးနှင့် ငှက်ဖျားရောဂါဖြစ်ပွားနေသူ ၃၂ ဦးရှိနေပြီး နေ့စဉ် ဆယ်ဦးထက်မနည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးခန်းသို့ လာရောက်ပြသနေကြသည်ဟု KDHW က ပြောသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရာတွင် နီးစပ်ရာ ကျောက်ဂူ ကျောက်ကမ်းပါးများတွင် ခိုအောင်းနေကြရသောကြောင့် ခြင်၊ ယင်များ ပေါများနေသလို သန့်ရှင်းသော သောက်သုံးရေ မရရှိမှုများကို ကြုံတွေ့နေရခြင်းကြောင့် ယခုလို နေ့စဉ် ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု လည်း သိရသည်။

လတ်တလောတွင် အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် ဒေသအသီးသီးမှ လိုအပ်သည့် စားနပ်ရိက္ခာများ အဝတ်အစား အမိုးအကာများကို ပေးပို့လှူဒါန်းမှုများ ရောက်ရှိနေသော်လည်း လုံလောက်မှုမရှိသေးကြောင်းနှင့် သံလွင်မြစ်ကမ်းနံဘေးမဟုတ်သည့် ဒေသ၏ အတွင်းပိုင်းရှိ ပြည်သူများထံသို့ မရောက်ရှိသေးကြောင်း KDHW က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ သီးမူထာ့စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က KNLA တပ်ဖွဲ့ဝင်များ တက်ရောက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ဒေသခံလူထုများနေထိုင်သည့် ကျေးရွာများတွင် လေယာဉ်အသုံးပြုပြီး ပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် သောင်းနှင့်ချီသည့် ဒေသခံလူထုများသည် တောထဲတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရခြင်းဖြစ်သည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...