ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် ရသေ့တောင်မှလိုင်းကားများကို ဖြတ်သန်းခွင့်မပြုသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေရဟုဆို

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် ရသေ့တောင်မှလိုင်းကားများကို ဖြတ်သန်းခွင့်မပြုသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေရဟုဆို

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်နှစ်ခုကို ဆက်သွယ်ထားသည့်ကားလမ်းတွင် ရသေ့တောင်မှလိုင်းကားများကို စစ်တပ်က ဖြတ်သန်းခွင့်မပြုသဖြင့် ကားသမားများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေကြကြောင်း သတင်းရရှိသည်။

အဆိုပါကားလမ်းကို ဒေသမတည်ငြိမ်မှုကြောင့် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ရာမှ ၂ဝ၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြန်လည်သွားလာခွင့် ပြုပေးခဲ့သည်။

သို့ရာတွင် ဧပြီလ ၂၉ ရက်နေ့မှစ၍ ရသေ့တောင်မြို့ဘက်မှလာသည့် မည်သည့်လိုင်းကားကိုမဆို ဖြတ်သန်းခွင့်မပေးတော့ကြောင်း ဒေသခံကားသမားများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့မှ စစ်ဘေးရှောင်လည်ဖြစ်၊ အငှားယာဉ်မောင်းလည်းဖြစ်သူ အမည်မဖော်လိုသူတစ်ဦးက “ကျွန်တော်တို့ ပုဏ္ဏားကျွန်းကိုသွားရင် ခွင့်ပြုချက်တောင်းရပါတယ်။ အဲဒီလမ်းမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တပ်မ (၂၂) က ဗိုလ်မှူးဆိုတဲ့လူက ရသေ့တောင်ကကားဆိုရင်တစ်စီးမှ မလာနဲ့ကွာလို့ ပြောပါတယ်။ ပုဏ္ဏားကျွန်းက ကားတွေဆိုရင်လာလို့ ရပါတယ်။ မှတ်ပုံတင်စစ်လို့ ရသေ့တောင်ကဆိုရင် မဖြတ်ရတော့ဘူး။ တိုက်ပွဲကာလတွေ အေးချမ်းနေတဲ့အချိန်မှာတော့ အလုပ်လေးတော့ လုပ်ချင်တာပေါ့ဗျာ။ ဘာလို့လည်းမသိတော့ဘူး” ဟုပြောသည်။

ရသေ့တောင်မြို့နှင့် စစ်တွေမြို့အကြား ကုန်စည်ကူးသန်းရောင်းဝယ်ရန် ပိုလွယ်ကူသည့် အဆိုပါကားလမ်းကို ပြည်သူများ အားထားခဲ့ကြသော်လည်း လက်ရှိတွင် ရေလမ်းကြောင်းဖြင့်သာ သွားလာနေရသဖြင့် မလိုအပ်ဘဲ ကုန်ကျစရိတ်နှင့် အချိန်ကုန်နေရသည်ဟု ရသေ့တောင်မြို့မှ လူမှုရေးလုပ်ငန်းများ ကူညီလုပ်ကိုင်ပေးနေသူ ကိုကျော်မင်းခိုင်ကပြောသည်။

“ကျွန်တော်တို့ လမ်းခရီးမြန်မြန်ရောက်ဖို့ဆိုရင် ဒီကားလမ်းကို အားထားရကြတာပါ။ ရသေ့တောင်က ယာဉ်မောင်းတဲ့လူတွေလည်း အလုပ်မရှိကြတော့ဘူး။ အတော်အခက်အခဲဖြစ်နေကြတယ်။ ပြီးတော့ ကျန်းမာရေးမကောင်းလို့ စစ်တွေကို အရေးပေါ်သွားရမယ့် လူနာတွေရှိရင်လည်း ကားလမ်းက ဖြတ်ခွင့်မရတော့ အခက်အခဲရှိတာပေါ့။ ဒါကို သက်ဆိုင်ရာကလည်း ဂရုစိုက်ကူညီပေးစေချင်တယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်သို့ ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...