နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများကြား ယခုလ ၂၁ ရက်နေ့ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ (ANP) က တက်ရောက်မည်မဟုတ်ဟု သတင်းရရှိသည်။
ANP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က လက်ရှိ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင် ထိုသို့မတက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီဝင်တစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က ပြောသည်။
“အကြောင်းကတော့ ကိုယ့်ပါတီတွင်းမှာ မအားမလပ်တဲ့ ကိစ္စရပ်တွေလည်းပါတယ်။ နောက်ပြီး စစ်တွေကနေ ရန်ကုန်၊ အဲဒီကနေ နေပြည်တော် ခရီးလမ်းတွေမှာလည်း လက်ရှိအခြေအနေတွေက လမ်းပန်းဆက်သွယ်ရေးတွေရဲ့ လုံခြုံရေးအခြေအနေတွေ၊ လောလောဆယ် ပေါက်ကွဲမှုတွေနဲ့ အစစအရာရာ တွက်ချက်ပြီးတော့ ဒီတစ်ကြိမ် မတက်တော့ဘူးလို့ ပါတီ CEC က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောပြသည်။
သို့သော် ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် UEC နှင့် တွေ့ဆုံပွဲအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လွန်ခဲ့သည့်အပတ်က နိရဉ္စရာသတင်းဌာနကို ပြောထားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဖိတ်စာရောက်/မရောက်ကို မသိရသေးကြောင်း ပါတီဥက္ကဌ ဦးကျော်မြင့်က ပြောဆိုထားသည်။
နိုင်ငံရေးအပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်သစ် (UEC) နှင့် တွေ့ဆုံပွဲကို တရားဝင်မှတ်ပုံထားသော နိုင်ငံရေးပါတီ (၉၃) ပါတီရှိသည့်အနက် ပါတီနှစ်ခုက ယာယီရပ်ဆိုင်းထားသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် (၉၁) ပါတီလုံးကို ဖိတ်ကြားထားကြောင်း ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ UEC ပြောခွင့်ရ ဦးခင်မောင်ဦးက ပြောထားသည်။







