လှေစီး ဒုက္ခသည် ၁၅၀ ကို ဇွန် ၈ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လွှဲပြောင်း

လှေစီး ဒုက္ခသည် ၁၅၀ ကို ဇွန် ၈ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လွှဲပြောင်း
by -
မဇ္ဈိမ
 မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးမိထားသည့် လှေစီးဒုက္ခသည် ၁၅၀ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဇွန် ၈ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အမျိုးသားလွှတ်တော်တွင် ပြောသည်။

“နိုင်ငံခြားရေးက ပြောတဲ့အတိုင်းပဲ လုပ်မှာလေ။ ကွဲပြားမှု မရှိဘူး ဘာမှပြောင်းလဲမှု မရှိဘူး။ နိုင်ငံခြားရေးက အစည်းအဝေးလည်း တက်ပြီးပြီ။ ဒုဝန်ကြီးလည်း ရှင်းပြီးပြီ စစ်မယ်။ ဖမ်းဆီးရမိတဲ့ အချိန်ကနေ အခုလက်ရှိ ၁၅၀ လွှဲတော့မယ်။ အဲဒီအတိုင်းပဲ မြန်မြန်စစ်လို့ပြီးရင် ပူးပေါင်းဆောင်ရွက်မှု မြန်မြန်ပြီးရင် မြန်မြန်လွှဲမယ်။ အချိန်ကန့်သတ်ချက်တော့ ပြောလို့မရဘူး” ဟု ဒုတိယဝန်ကြီး ဗိုလ်မှူးချူပ် ကျော်ဇံမြင့်က မီဒီယာများကို ပြောသည်။  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်၊ တပ်ရင်းမှူး ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့ထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၈ ရက်၊ နံနက် ၁၁ နာရီတွင် စတင်ပြုလုပ်ခဲ့ရာ ညနေ ၃ နာရီခန့်တွင် လွှဲပြောင်းပြီးစီးသည်ဟု ဆိုသည်။ ပထမအကြိမ်ဖမ်းဆီးရမိ သည့် လှေစီးဒုက္ခသည် ၂၀၈ ထဲမှ ၁၅၀ ဦးကို စိစစ်လွှဲပြောင်းပေးခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က “ကျန်ရှိ ၅၀ ဦး ကိစ္စကိုလည်း အချက်အလက် ပြည့်စုံစေဖို့ စိစစ်နေပြီး ဆက်လက်လွှဲပြောင်းနိုင်ရေး စီစဉ်နေပါတယ်။ နောက် ရ၃၄ ဦး လှေစီး ထွက်ပြေးသူများကိစ္စနဲ့ စပ်လျဉ်းပြီးလည်း မြန်မာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ စိစစ်ရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ် သံရုံး ကောင်စစ်ဝန်ချုပ်ရုံး ကိုယ်စားလှယ်များနဲ့အတူ ဇွန်လ ၆ ရက်နေ့က စိစစ်မှုများကို စတင်ဆောင်ရွက်နေပါတယ်” ဟု အမျိုးသားလွှတ်တော်တွင် ပြောသည်။

အမျိုးသားလွှတ်တော်တွင် လှေစီး ရွှေ့ပြောင်းသူများနှင့် ပတ်သက်၍ ပြတ်သားသော မူဝါဒ ချမှတ်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း အရေးတကြီး အဆိုကို ကိုယ်စားလှယ် လေးဦး၏ ဆွေးနွေးမှုအပြီးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ က ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မိမိနိုင်ငံသား ဟုတ်မဟုတ် စိစစ်တဲ့ လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာပါက မြန်မာနိုင်ငံဘက်ကလည်း လုပ်ရသလို လှေစီးသွားလာသူများ စတင်ထွက်ခွာလာတဲ့ ပင်ရင်းနိုင်ငံကလည်း လုပ်ရပါတယ်”ဟု ဒုတိယဝန်ကြီး ဦးသန့်ကျော်က လွှတ်တော်တွင် ပြောသည်။

လှေစီး ဒုက္ခသည်များကို မေ ၂၁ ရက်က ယာယီ ကယ်ဆယ်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် ပြန်လည်ပေးပို့မှု စတင် လုပ်နိုင်သည့်အတွက် စုစုပေါင်း ရက်ပေါင်း ၁၉ ရက် အချိန်အတွင်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ကယ်ဆယ်ထားသူများကို မူရင်းနိုင်ငံ ပြန်ပို့ရာတွင် အဆင်ပြေစေနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနီးဆုံးဖြစ်သည့် တောင်ပြို လက်ဝဲစခန်းသို့ ပြောင်းရွှေ့ပြီး ယာယီစောင့်ရှောက်မှုပေးခဲ့ခြင်း ဖြစ်သည်ဟု ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...