ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကျော်ဇင်မင်း (ငြိမ်း) သည် ယနေ့နံနက်ပိုင်းက သေနတ်ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း မြို့ခံအချို့က ပြောသည်။
“အခုမနက် ၉ နာရီလောက်က သူနေတဲ့ ရပ်ကွက် (၂) ရေဆေးခုံမှာ သေနတ်ပစ်ခံရပြီး သေသွားတယ်၊ ရေဆေးဆီထိုးဆိုင်ဖွင့်ထားတာ အာ့ဆိုင်မှာ ထိုင်နေတုန်း ဆိုင်ကယ်နဲ့လာပစ်တာ၊ လမ်းထောင့်နေရာဆိုတော့ နှစ်ဘက်ညှပ်ပစ်တာ၊ ဆိုင်ကယ် ၂ စီးနဲ့ လာပစ်တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဗိုလ်မှူးကျော်ဇင်မင်း (ငြိမ်း) သည် ခမရ ၂၈၃ တပ်ရင်းမှ ဒု-တပ်ရင်းမှူးအဆင့်ဖြင့် အငြိမ်းစားယူထားပြီး ဘုရားသုံးဆူမြို့၌ မော်တော်ကားရေဆေးခုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မှ မွန်သတင်းအေဂျင်စီသို့ မှတ်ချက်ပြုပြောဆိုခြင်းမရှိပေ။







