ရေးမြောက်ပိုင်းတွင် စစ်အုပ်စုတပ်က လိုင်စင်မဲ့ယာဉ်များ စာရင်းကောက်ယူနေ

ရေးမြောက်ပိုင်းတွင် စစ်အုပ်စုတပ်က လိုင်စင်မဲ့ယာဉ်များ စာရင်းကောက်ယူနေ

မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့ စစ်ကြောင်းထိုး သွားလာရာ၌ အသုံးပြုရန်အတွက် လိုင်စင်မဲ့ မော်တော်ယာဉ်ရှိသည့် နေအိမ်များကို စာရင်းကောက်ယူထား ကြောင်း ဒေသခံများက ပြောသည်။

တော်လှန်ရေး အင်အားကောင်းသည့် ရေးမြို့နယ်အတွင်း စစ်အုပ်စုတပ် စစ်ကြောင်းများ မကြာခဏ ဝင်ရောက် လျက်ရှိပြီး ထိပ်တိုက်တွေ့ဆုံသည့် ဒေသခံများ၏ မော်တော်ယာဉ်များကို အဓမ္မ ချောဆွဲအသုံးပြုလေ့ရှိသည်။

ယခုအခါတွင်လည်း ရေးမြို့နယ် မြောက်ပိုင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများထံ လိုင်စင်မဲ့ မော်တော်ယာဉ်များ ရှိသည့် နေအိမ် အရေအတွက်ကို လာရောက်မေးမြန်းကာ စာရင်းရယူထားခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရေးဒေသခံတစ်ဦးက “သူတို့ယူတဲ့ကားကတော့ Without ကားတွေကြီး ပဲ။ ရွာထဲမှာ စာရင်းတွေ လိုက်ကောက်ထားတယ်။ ဘယ်သူ့ အိမ်မှာ ကားတွေရှိလဲဆိုတာ။ အဲ့ဒီကားတွေကို တစ်လှည့်စီယူပြီး အသုံးပြုဖို့ဖြစ်မှာပေါ့လေ” ဟု ပြောသည်။

ထို့ကြောင့် စစ်အုပ်စုတပ် စစ်ကြောင်းအတွက် မိမိတို့၏ မော်တော်ယာဉ်များကို အလှည့်ကျ ပေးဆောင်ရမည်ကို ဒေသခံ ယာဉ်ပိုင်ရှင်များ စိုးရိမ်နေကြသည်။

အရပ်သားများထံမှ ချောဆွဲသွားသည့် ယာဉ်များသည် နှစ်ဖက် ပစ်ခတ်မှုနှင့် ကြားဖြတ် တိုက်ခိုက်ခံရမှုများ ကြောင့် ပျက်စီးဆုံးရှုံးရသည့်အပြင် ရက်ပေါင်းများစွာ ကြာသည်အထိ ပြန်မပို့သဖြင့် ယာဉ်ပိုင်ရှင်များ ပိုမို စိုးရိမ်ပူပန်နေကြရသည်။

ယခင်ကလည်း စစ်အုပ်စုတပ်သည် ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးစဉ် လမ်းတွင် မောင်းနှင်လာသည့် သို့မဟုတ် ရပ်နားထားသည့် မော်တော်ယာဉ်များကို တားဆီး၍ လိုက်ပါစီးနင်းရန်နှင့် အသုံးပြုခွင့်ပေးရန် တောင်းဆိုလေ့ရှိသည်။

ခရီးသွားလာသည့် ဒေသခံတစ်ဦးက “လိုင်းကားတွေရော၊ သာမန်ကားတွေပဲ လိုက်စီးကြတာပဲ။ ကားသမားတွေ ကလည်း မပေးစီးလို့ မရဘူး လေ၊ မပေးစီးရင်လည်း ရန်ရှာဦးမယ်။ ပေးစီးပြီးရင်လည်း တော်လှန်ရေးအဖွဲ့ တွေကို ကြောက်ရတယ်” ဟု ပြောသည်။

အများပြည်သူပိုင် မော်တော်ယာဉ်များကို စစ်အုပ်စုတပ် စစ်ကြောင်းက မဲနှိုက်၍လည်းကောင်း၊ အလှည့်ကျ စနစ်ဖြင့်လည်းကောင်း၊ အဓမ္မနည်းဖြင့်လည်းကောင်း ချောဆွဲအသုံးပြုလေ့ရှိသည်။

ရေးမြို့နယ်အတွင်း စစ်အုပ်စုတပ်များ စစ်ကြောင်းထိုး သွားလာနေစဉ်အတွင်း ဒေသခံများ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည့်အပြင် ဒေသတွင်း လုံခြုံရေး အခြေအနေများအပေါ်တွင်လည်း ဆိုးရွားစွာ သက်ရောက်မှုများ ရှိနေသည်။

ဓာတ်ပုံ – (အရပ်သားယာဉ်များ ချောဆွဲလာသည့် စစ်အုပ်စုတပ် ရေးမြို့နယ်အတွင်း မိုင်းဆွဲခံရစဉ်။ / ရေးဘီလူး)

September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...