မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက် တိုက်မြင့်တက်လာပြီး စပါးတင်းတစ်ရာလျှင် ကျပ်သိန်း ၅၀ အထိ ပေါက်ဈေးရှိနေကြောင်း ဒေသတွင်း တောင်သူများထံမှ သိရသည်။
ဈေးကွက်အတွင်း စပါးလက်ကျန်နည်းပါးပြီး ဝယ်လိုအားများနေသည့်အပြင် ရေဘေးကြောင့် စပါးဧက သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ဆန်ဈေးထက် စပါးဈေးများ ပိုမိုအလျင်အမြန် မြင့်တက်လျက်ရှိသည်။
လက်ရှိတွင် စပါးအမျိုးအစားအလိုက် ငွေကျပ် သိန်း ၄၀ မှ ၅၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသော်လည်း လက်ကျန်စပါးများကို လယ်လုပ်ငန်း အရင်းအနှီးအတွက် ရောင်းချခဲ့ကြသဖြင့် တောင်သူများလက်ထဲတွင် စပါးမရှိသလောက် နည်းပါးသွားကြောင်း ပေါင်မြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
“ဒီတစ်ပတ်အတောအတွင်းမှာပဲ ၅၀ ကျော်တက်သွားတာ။ ရောင်းစရာစပါးလည်း မရှိတော့ဘူး။ လယ်လုပ်ဖို့ ငွေလိုတဲ့အခါကျတော့ ၃၅ နဲ့ စပြီးရောင်းနေကြတာလေ။ ၄၀ ကြားရောက်တော့ လယ်သမားတွေလက်ထဲ ကုန်သွားတယ်” ဟု ပေါင်မြို့နယ် တောင်သူလယ်သမားတစ်ဦးက ပြောသည်။
သို့သော်လည်း နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိနေသဖြင့် လက်ကျန်စပါးများကို ဆက်လက် သိုလှောင် ထားကြသည့် တောင်သူများလည်း ရှိနေသည်။
ကျိုက်မရောမြို့နယ်မှ တောင်သူတစ်ဦးက “စပါးဈေးက ၄၀ ဝန်းကျင်လောက်ရှိတယ်။ တို့ရွာဘက်မှာတော့ တစ်ယောက်မှ သိမ်းထားတဲ့စပါးတွေကို မရောင်းကြသေးဘူး။ ဒီမိုးစပါးမထွက်ခင်မှာ ရောင်းမယ်လို့ တွေးထား တာ။ လက်ရှိဈေးထက် ပိုမြင့်မယ်ဆို အခုပဲရောင်းမှာပါ။ ဈေးမကောင်းသေးတော့ ဆက်လှောင်ထားရုံပဲ” ဟု ပြောသည်။
ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေး အဆမတန် မြင့်တက်လာမှုကြောင့် မွန်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုး သူ သိသိသာသာ လျော့ကျလာပြီး လာမည့်နှစ်တွင် လယ်ယာလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် ယခုပေါက်ဈေးဖြင့် ရောင်းချနိုင်မှသာ အဆင်ပြေမည်ဟု လယ်သမားများက ထောက်ပြကြသည်။
“နောက်နှစ် ဒီလိုဈေးနဲ့ဆို လယ်လုပ်တာ နည်းနည်းကိုက်ညီမယ်။ လယ်ထွန်ခရော အကုန်လုံးက ဈေးမြင့်နေ တာ။ နွေတုန်းက ကျွန်တော်တို့ရောင်းတာ ၂၀ လောက်ပဲရတယ်။ အခု ၄၀ ဖြစ်သွားပြီးလေ။ ဈေးနှစ်ဆမှ ကွာတာ” ဟု မုဒုံမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
ထို့ပြင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ မိုးစပါးခေတ်များတွင် ကြက်သွန်မြိတ်ပိုး၊ ကျောက်ပိုးနှင့် ကြွက်များ ဖျက်ဆီးမှုကြောင့် လယ်ယာအများအပြား ပျက်စီးဆုံးရှုံးလျက်ရှိသည်။
မိုးစပါးအသစ်ပေါ်ရန် လပိုင်းမျှ လိုအပ်နေသေးသဖြင့် လက်ရှိပေါက်ဈေးသည် စပါးထုတ်ရောင်းရန် သင့်တော် သည့် အခြေအနေမဟုတ်သေးကြောင်း ဆန်စပါးဈေးကွက် လေ့လာသူများက သုံးသပ်ထားသည်။
စစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကမူ ရေကြီးရေလျှံမှုကြောင့် စပါးဧက သောင်းနှင့်ချီ ရေနစ်မြုပ်နေချိန်တွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် ကုန်သည်များအနေဖြင့် မိမိတို့သိုလှောင်ထားသည့် ဆန်စပါးများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် ပြီးခဲ့သည့် ဩဂုတ်လ အတွင်း က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - (U Yan Naing Soe)







