လတ်တလော လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် DKBA မှ ဗိုလ်မှူးကြီးစောဆန်းအောင်၊ အရာရှိလေးဦးနှင့် အင်အားနှစ်ထောင်ကျော် KNU - ကရင်အမျိုးသားအစည်းအရုံးနှင့် ပြန်ပူးပေါင်းသွားသည့် သတင်းထွက်ရှိမှုမှာ သတင်းအမှားသာဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗိုလ်မှူးကြီးစောဆန်းအောင်သည် ယခင်က ခွဲထွက် DKBA အနေဖြင့် စစ်တပ်နှင့် လပေါင်းများစွာ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ၎င်းအပါအဝင် တပ်ဖွဲ့ဝင် (၁၃) ဦးဖြင့် စစ်တပ်ထံသို့ လက်နက်ချ အလင်းဝင်သွားခဲ့ပြီးဖြစ်သည်။
လက်နက်ငယ် ၁၇ လက်အပါအဝင် ၆၀ မမ စိန်ပြောင်း၊ ဗုံးနှင့် ခဲယမ်းပစ္စည်းများဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသို့ မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ နေရာတစ်နေရာတွင် လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စောဆန်းအောင်သည် (ခွဲထွက်) DKBA တွင်သော်လည်းကောင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA အဖွဲ့အနေဖြင့်သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦး မဟုတ်တော့သလို အင်အားနှစ်ထောင်ကျော်ဖြင့် KNU ထဲသို့ ပူးပေါင်းသွားကြောင်းကိုလည်း KNU ဘက်မှ တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။
ထို့အတူ ကေအဲန်ယူတပ်မဟာ ၆ မှ တပ်မှူးတစ်ဦးကလည်း ၎င်းသတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ သတင်းမှားသာဖြစ်သည်ဟု ကေအိုင်စီသို့ ပြောဆိုသည်။







