လမ်းခရီးအခက်အခဲကြောင့် တရုတ်သို့တင်ပို့သည့် ရခိုင်ကဏန်း စျေးထိုးကျ

လမ်းခရီးအခက်အခဲကြောင့် တရုတ်သို့တင်ပို့သည့် ရခိုင်ကဏန်း စျေးထိုးကျ

ရခိုင်ဒေသ၏ ဝင်ငွေကောင်းသည့်လုပ်ငန်းတစ်ခုဖြစ်သည့် ကဏန်းလုပ်ငန်းမှာ တရုတ်သို့တင်ပို့ရာ၌ လမ်းခရီးအခက်အခဲများကြောင့် အဆင်မပြေဖြစ်နေကာ ရခိုင်တွင် ကဏန်းစျေးနှုန်းမှာလည်း တစ်နေ့ထက်တစ်နေ့ ထိုးဆင်းလာနေသည်ဟု သတင်းရရှိသည်။

လက်ရှိ ရခိုင်မှ ကဏန်းစျေးမှာ တစ်ကီလိုကို ကျပ်နှစ်ထောင်ဝန်းကျင်အထိ ယခုရက်ပိုင်းအတွင်းတွင် ထိုးဆင်းသွားသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် မင်းချောင်းတံတားအနီး KM ကဏန်းဒိုင်မှ ဦးစိုးဝင်းက ပြောသည်။

“လမ်းကြောင်းတွေက အဆင်မပြေဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ စျေးချပြီး ဝယ်နေရတယ်။ မရရင် ရပ်လိုက်ရမယ့်အခြေအနေ ရှိနေတယ်။ အရင်ဆိုရင် တစ်ကီလိုကို လေးငါးထောင်ကျပ်နဲ့ဝယ်တာတွေ၊ လမ်းကြောင်းပွင့်ရင် ခြောက်ထောင်၊ ခုနစ်ထောင်ဝယ်နေတာတွေကို အခုနှစ်ထောင်၊ နှစ်ထောင်ငါးရာလောက် အနိုင်နိုင် စျေးလျော့ပြီး ဝယ်နေရတယ်။ အခုလို စျေးကနေတော့ ကဏန်းလုပ်သူတွေ အခက်အခဲဖြစ်သွားကြရတာပေါ့” ဟု ပြောသည်။

ကိုဗစ်-၁၉ ကြောင့် တရုတ်ပြည်သို့ မူဆယ်လမ်းကြောင်းမှ ပို့ဆောင်မှုများတွင် အစစ်အဆေးများ၍ လက်ရှိတွင် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းလားဘက်လမ်းမှ ပို့ဆောင်နေရကြောင်း၊ လမ်းခရီးတွင် အပူချိန်ကြောင့် ကဏန်းများ သေဆုံးသည့်အတွက် ရောင်းချမည့်နေရာအရောက်တွင် စျေးနှုန်းများ ထိုးဆင်းသွားခဲ့ကြောင်း ကဏန်းရောင်းဝယ်သူများက ပြောသည်။

အောက်ခြေမှ ကဏန်းမွေးမြူသူ၊ ရှာဖွေသူများအနေဖြင့်လည်း စားဝတ်နေရေးများ ခက်ခဲလာနေကြောင်း၊ သို့ရာတွင် မိုးရာသီတွင် စျေးပြန်ကောင်းလာရန် မျှော်လင့်နေကြောင်း သူကဆက်ပြောသည်။

“ကဏန်းရှာတဲ့လူတွေမှာလည်း ကဏန်းအစာဖိုးနဲ့ ရလာတဲ့ငွေနဲ့ မကိုက်တာတွေ၊ ကဏန်းတန်ဖိုးက မရှိတဲ့အခါ အဆင့်ဆင့်ကျပ်ကြတာပါပဲ။ ကားတွေက နှစ်ရက်နဲ့ရောက်မှာ လေးရက်လောက်သွားနေရတယ်။ အထူးသဖြင့် မင်းပြားရာမောင် တံတားတို့လိုပေါ့။ ဇက်မကူးရပဲ ခရီးကြန့်ကြာနေရင် ကဏာန်းတွေသေ။ အပူချိန်ကြောင့် တစ်ဆမှာ နှစ်ဆသေ။ စျေးကွက်တွေမမီ၊ ပျက်ကျ။ ဒီလိုပါပဲ အခက်အခဲတွေက။ မိုးရာသီအပူချိန်လျော့ရင်တော့ စျေးပြန်ကောင်းလာဖို့ မျှော်လင့်ရတာပဲ” ဟု ပြောသည်။

ကေသီဦးကားဂိတ်၊ ကုန်စည်ပို့ဆောင်ရေးမှ မန်နေဂျာ ဦးမောင်ဝင်းရွှေကလည်း ၄င်းတို့ ကားသမားများအနေဖြင့် တရုတ်ပြည်နယ်စပ် မူဆယ်မြို့အထိ ယခင်က ၂ ညအိပ်ခရီး မောင်းနှင်ရပြီး လက်ရှိတွင် မိုင်းလားဒေသ တရုတ်ပြည်နယ်စပ်အထိ သုံးရက်တိုင်တိုင် မောင်းနှင်ရကြောင်း၊ လမ်းခရီးကြမ်းတမ်းသဖြင့် အခက်အခဲများရှိနေကြောင်း ပြောသည်။

“ကိုဗစ်နဲ့ လမ်းခရီမှာ အစစ်အဆေးတွေကြားက သွားလာရတယ်။ အခု မူဆယ်လမ်းကမသွားပဲ မိုင်းလားဖက်ကပို့တယ်။ ဒါပေမယ့် ဒီက ရာမောင်တံတားလောက်ကတည်း ဇက်ကူးရတာနဲ့ လမ်းမှာကြာနေပြီ။ အပူကလည်းပြင်းတော့ လမ်းမှာ ကဏန်းတွေက သေပြီပေါ့။ အဲဒီဘက်မှာ စျေးနှုန်းတွေ ထိုးဆင်းသွားတာပါ။ ကဏန်းအရောင်းအဝယ်သမားတွေ ခက်ခဲသလို ကျွန်တော်တို့လည်း ခက်ခဲတော့တာပေါ့။ အောက်ခြေက ကဏန်းရှာတဲ့လူတွေလည်း အတော်အခက်အခဲဖြစ်တော့မှာပေါ့” ဟု ပြောသည်။

ကိုဗစ်-၁၉ ကြောင့် လွန်ခဲ့သည့် ၂ဝ၂ဝ ခုနစ် သြဂုတ်လခန့်ကစ၍  တရုတ်ပြည်သို့ ကားလမ်းမှ ကဏန်းတင်ပို့မှုအခက်အခဲကြောင့် မူဆယ်လမ်းအပြင် ရန်ကုန်မှတဆင့် လေကြောင်းဖြင့် ပြည်ပတင်ပို့မှုများ ရှိခဲ့သော်လည်း စရိတ်ကြီးမားမှုကြောင့် ရခိုင်မှ ကဏန်းအရောင်းအဝယ်သမားများအနေဖြင့် တင်ပို့မှု မရှိသလောက်နည်းပါးခဲ့ကြောင်း သူကဆက်ပြောသည်။

ရခိုင်ဒေသမှာ ပင်လယ်ကမ်းခြေဒေသဖြစ်သည့်အတွက် ရေထွက်ပစ္စည်းများဖြစ်ကြသည့် ငါး၊ ပုစွန်၊ ကဏန်း လုပ်ငန်းမှာ အဓိကအားထားနေရသည့် လုပ်ငန်းများဖြစ်သည်။

လက်ရှိတွင် ကဏန်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများအနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း၊ လမ်းခရီးအဆင်ပြေနိုင်အောင် သက်ဆိုင်ရာမှ ကူညီပေးစေလိုကြောင်း ကဏန်းလုပ်ငန်းလုပ်ကိုင်နေသူများ၏ ပြောပြချက်အရ သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...