မီးရှို့ခံရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာနှစ်ရွာကို နစက နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) တို့ပူးပေါင်း၍ လူနေအိမ်ပြန်ဆောက်ပေးနေကြောင်း သတင်းရရှိသည်။
ဆောက်လုပ်နေသည့်နေအိမ်များမှာ လက္ကာကျေးရွာတွင် ၁၉၇ ဆောင်ဖြစ်ပြီး ဖားပြို့ကျေးရွာတွင် ၄၁ ဆောင်ကိုလည်း ဆောက်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ပစကအဖွဲ့ဝင် ဦးသန်းထွန်းမှပြောသည်။
“အခု လက္ကာကျေးရွာကို စလို့ဆောက်နေတယ်။ လက္ကာကျေးရွာနဲ့ တစ်ပြိုင်တည်း မင်းပြား ဖားပြို ကျေးရွာမှာလည်း ဆောက်ပေးသွားပါမယ်။ အခုဆောက်နေတာက မီးလောင်သွားတဲ့ အိမ်တွေကိုဘဲပြောတာ။ တစ်ဝက်တစ်ပျက်လောင်သွားတဲ့အိမ်ကို ကျသင့်သလောက် ထောက်ပံ့ကြေးငွေပေးပြီး ပြန်ပြင်ခိုင်းနေတယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့က မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် မီးလောင်ခဲ့ပြီး နေအိမ် ၁၉၇ လုံး ပျက်စီးဆုံးရှုံးသွားခဲ့သည်။
၎င်းမီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲဝင်ရောက်သွားပြီး သေနတ်သံများထွက်ပေါ်လာပြီးနောက် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးက တပ်မတော်သားများမီးရှို့ခြင်းမှာ မဟုတ်မှန်ကြောင်း မေလ ၁၇ ရက်နေ့တွင် ငြင်းဆိုသည်။
၎င်း လက္ကာကျေးရွာတွင် အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး လူဦးရေ နှစ်ထောင်ကျော်နေထိုင်ခဲ့ကြကြောင်း၊ လက်ရှိတွင် ၎င်းကျေးရွာသားများမှာ ပီပင်ရင်းစစ်ဘေးရှောင်စခန်း၊ တိမ်ညိုစစ်ဘေးရှောင်စခန်း၊ ဘူးရွက်မညိုးကျေးရွာနှင့် ဘုရားကြီးကျေးရွာစသည့် နေရာများတွင် ၂ဝ၁၉ ခုနစ် ဧပြီ ၁ဝ ရက်နေ့ကစပြီး ထွက်ပြေးခိုလှုံနေကြရကြောင်း သိရသည်။
ယခုလက်ရှိမှာ ရခိုင်ပြည်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း တိုက်ပွဲပြန်ဖြစ်လာပါက ပြန်လည်ထွက်ပြေးရမည်ကိုစိုးရိမ်ကြောင်း လက္ကာကျေးရွာဒေသခံ ဦးအောင်သိန်းထွန်းမှပြောသည်။
“အိမ်ဆောက်ပြီး ရွာပြန်သွားမှဘဲ တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်ပါတယ်။ အိမ်ပြန်ဆောက်နေတာက ခုမှ စလို့ဆောက်နေတာ အောက်ခြေ အုတ်မြစ်တွေ ချနေတုန်းဘဲ ရှိပါသေးတယ်။ အိမ် ၁၉၅ ဆောင် ဘုန်းကြီးကျောင်းနှစ်ကျောင်းကို အစိုးရကတော့ တစ်အိမ်ကို သိန်း ၅၀ ပေးတယ်။ အခုလက်ရှိ ပျက်စီးနေတာက မီးမလောင်တဲ့အိမ်နဲ့ မီးလောင်တဲ့အိမ်နဲ့ အတူတူဖြစ်နေပြီ လူမနေလို့ အိမ်ပျက်စီးသွားတာ တစ်ရွာလုံးနီးပါးပါ” ဦးအောင်သိန်းထွန်းကပြောသည်။
လက္ကာကျေးရွာတွင် မီးလောင်ပျက်စီးသွားသည့် နေအိမ်ပြန်ဆောက်နိုင်ရန်အတွက်သာ ပိုက်ဆံရရှိပြီး တစ်ဝက်တစ်ပျက်ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ပိုက်ဆံမရရှိသေးကြောင်း ဦးအောင်သိန်းထွန်းက ထပ်လောင်းပြောသည်။
မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင်လည်း ၂၀၂၀ ခုနှစ် မတ်လတွင် မီးလောင်သွားသည့် နေအိမ် ၄၁ ဆောင်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - လက္ကာကျေးရွာ ၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့ မီးရှို့ခံရပြီးမြင်ကွင်း







