ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောင်းဖွင့်လှစ်နိုင်ဟု KNU ဝင်းရေးမြို့နယ် ပညာရေးဌာနထုတ်ပြန်

ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောင်းဖွင့်လှစ်နိုင်ဟု KNU ဝင်းရေးမြို့နယ် ပညာရေးဌာနထုတ်ပြန်

KNU - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တွင် COVID-19 ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်သည်ဟု မြို့နယ်ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ယမန်နေ့မေလ ၁၃ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

KNU ဝင်းရေးမြို့နယ်အတွင်း မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှ ပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးခြိမ်းခြောက်မှုများကို မိမိတို့ လက်ခံမည်မဟုတ်ဘဲ လူ့ဂုဏ်သိက္ခာ ယဉ်ကျေးမှုနှင့်အညီသာ ပြုမူဆောင်ရွက်သွားကြရန် ၎င်းတို့သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝင်းရေးမြို့နယ် KECD ပညာရေးမှူး ပဒိုမန်းရှထူးဝေါက “ကျောင်းပြန်ဖွင့်ဖို့ ဖိအားပေးခြိမ်းခြောက်တာမျိုး လုံးဝ လက်မခံဘူးပေါ့နော်။ မတရားနည်းနဲ့ သွားမယ့်ပညာရေးစနစ်ကိုလည်း ခွင့်မပြုထားပါဘူး။ အမှား/အမှန်ဆုံးဖြတ်နိုင်ဖို့ ပညာရေးက အရေးကြီးတယ်။ ပညာရေးခါးပြတ်သွားရင် မျိုးဆက်တစ်ခုလုံး နောက်ကျကျန်ခဲ့မယ်။ လူထုတွေရဲ့ဆန္ဒအပေါ်မှာပဲ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ကေအိုင်စီသို့ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ထိန်းချုပ်မှုအောက်ရှိ စာသင်ကျောင်းများကို လာမည့် ဇွန်လပထမအပတ်တွင် ကျောင်းအပ်နှံရမည်ဖြစ်ပြီး ကျေးရွာလူထုများမှဖွင့်လှစ်မည့် ကိုယ်ထူကိုယ်ထကျောင်းများကို ဇွန်လတတိယအပတ်တွင် ဖွင့်လှစ်အပ်နှံနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“ကျောင်းကတော့ ပြန်ဖွင့်သင့်တယ်ထင်တယ်။ အစိုးရကျောင်းမှာသင်တဲ့စာက အရင်ကချမှတ်ထားတဲ့ သင်ရိုးတွေပဲလေ။ ခုလို နိုင်ငံရေးရှုတ်ထွေးနေတဲ့အချိန်မှာ ပညာရေးရပ်တန့်ထားပြန်ရင်လည်း ကလေးတွေအတွက် အဆင်မပြေဘူးပေါ့နော်။ ပညာသင်ယူခွင့်က စောင့်ဆိုင်းနေရမယ့်ဆိုတာ ဖြစ်သင့်သလားပေါ့။ ပြန်ဖွင့်ပေးသင့်တယ်လိုမြင်တယ်” ဟု ဝင်းရော်ဒေသမှ အမည်မဖော်လိုသူ အထက်တန်းပြ ကျောင်းဆရာတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

KNU ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တွင် မေလ ၁၁ ရက်နေ့က ပညာရေးဝန်ထမ်း ၂ဝဝ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရပြီး အာဏာဖီဆန်မှု - CDM ဝင်ထားသူ ဆရာ/ဆရာမဦးရေ ၅ဝဝ ကျော်နှင့် ဖမ်း၀ရမ်းထုတ်ခံထားရသူနှင့် ထွက်ပြေတိမ်းရှောင်နေကြရသည့် ပညာရေးဝန်ထမ်းများလည်းရှိကြောင်း CDM ဝင်ထားသူကူညီရေးအဖွဲ့ထံမှ သိရသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...