ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း ၅၀ နီးပါးသည် လက်ရှိ CDM လှုပ်ရှားမှုတွင် မပါဝင်တော့ဘဲ သက်ဆိုင်ရာလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေကြကြောင်း ဒေသခံသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောဆိုသည်။
စစ်အာဏာသိမ်းမှုစတင်ချိန်မှစ၍ လှိုင်းဘွဲမြို့နယ်တစ်ခုလုံးအတိုင်းအတာဖြင့် CDM လှုပ်ရှားမှုတွင် မြို့နယ်ဆေးရုံအုပ် ဆရာဝန်၊ လက်ထောက်ဆရာဝန်အပါအဝင် သူနာပြုများပါဝင်သည့် ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀၀ နီးပါး ပါဝင်ခဲ့ကြပြီး ယခုတွင် အောက်ခြေမှ ဝန်ထမ်း (၅၀) ကျော်မှာ ယခုလဆန်းပိုင်းမှစ၍ Non CDM ပြန်လုပ်သွားခြင်းဖြစ်သည်ဟု ၎င်းသတင်းအရင်းအမြစ်က ပြောသည်။
၎င်းက “လှိုင်းဘွဲတစ်မြို့နယ်လုံးအတိုင်းအတာနဲ့က ခန့်မှန်းခြေ ကျန်းမာရေးဝန်ထမ်း ၃၀၀ နီးပါးလောက်ရှိတယ်။ အကုန်လုံးနီးပါးက CDM ဝင်ကြတာ။ ဝင်ကြပြီးတော့မှ တပြိုင်နက်မဟုတ်ဘဲနဲ့ တဖြည်းဖြည်းနဲ့ Non CDM ပြန်ဖြစ်ကြတာ။ ၁၀ ကနေ ၂၀ အဲ့ကနေ တဖြည်းဖြည်းများလာတာ အခုအချိန်ထိက အယောက် ၅၀ လောက်ရှိနေပြီ” ဟု ကေအိုင်စီသို့ပြောသည်။
ယခုလ ၈ ရက်နေ့က ဆေးရုံကို ပြန်လည်ဖွင့်လိုက်ပြီး ဖွင့်ပွဲပါပြုလုပ်ခဲ့ရာ ကျေးရွာနယ်ဘက်တာဝန်ကျသည့် ကျန်းမာရေးဝန်ထမ်းများအားလုံးကို မြို့နယ်ဆေးရုံကြီးတွင် ရုံးလာရောက်တက်ခိုင်းကြောင်း၊ ၎င်းရုံးလာတက်သူများသည် မိမိဆန္ဒအရ လာရောက်တက်ကြသူများသာဖြစ်ပြီး နောက်ထပ် ၂ လ အချိန်ထိ စောင့်ကြည့်၍ နိုင်ငံရေးအခြေအနေ အဆင်ပြေပါက ဝင်ငွေအခက်အခဲကြောင့် ရုံးပြန်တက်ကြမည့်သူများ ပိုများလာမည်ဟုလည်း သတင်းအရင်းအမြစ်ကဆိုသည်။
“အသိတစ်ယောက်ကပြောတာက လုံးဝအဆင်မပြေတာတို့ မလုံခြုံတာတို့ ခံစားရပြီးတော့မှ ရုံးပြန်တက်ကြသူတွေမရှိဘူး။ အဲ့ဒါက နောက်ထပ် ၂ လလောက်ဆိုရင် ဖြစ်လာနိုင်တယ်။ ဘာဖြစ်လဲဆိုတော့ တချို့ကပြောတယ် နောက်ထပ် ၂ လမှ အဆင်မပြေရင် ရုံးပြန်တက်ကြမယ်ပေါ့နော်၊ ဝင်ငွေတွေလည်း အဆင်မပြေကြလို့ပေါ့နော်။ အခုလောလောဆယ်အထိ ရုံးပြန်တက်တဲ့သူတွေကျတော့ တက်ချင်လို့ ပြန်တက်ကြတဲ့သူတွေပဲ” ဟု ပြောသည်။
လှိုင်းဘွဲမြို့နယ်ဆေးရုံကို ပိတ်လိုက်ရသည်အထိ CDM အားကောင်းခဲ့သော်လည်း စစ်တပ်မှ ဆေးရုံပြန်ဖွင့်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာခဲ့သလို CDM လုပ်ဆောင်သည့် ဝန်ထမ်းများကိုလည်း ဖမ်းဆီးမည်ဟူသော ကောလာဟလများ ထွက်ပေါ်လာမှုကြောင့် တိမ်းရှောင်နေကြရသူများလည်း ရှိသည်။
မြို့နယ်ဆေးရုံအုပ်မှအစ CDM တွင် ပါဝင်ခဲ့မှုကြောင့် ပြီးခဲ့သည့် မတ်လ ပထမအပတ်ခန့်က ဆေးရုံကို စစ်တပ်ကကိုင်တွယ်ရန် စစ်တပ်၊ ရဲနှင့် အထွေထွေအုပ်ချုပ်ရေးရုံးမှ အရာရှိများ စာရင်းဇယားများကို ဆရာဝန်ကြီးထံ လာရောက်တောင်းယူခဲ့သော်လည်း ပြည်သူလူထုများ၏ ဝန်းရံပေးမှုကြောင့် အထမမြောက်ခဲ့ကြောင်း ၎င်းသတင်းအရင်းအမြစ်က ဆိုသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို နယ်ပယ်အသီးသီးမှဝန်ထမ်းများ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်ဖမ်းဆီးမှုများ၊ ဝင်ငွေအခက်အခဲများနှင့် လုံခြုံမှုမရှိခြင်းများကြောင့် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်သူတချို့ရှိကြောင်း သိရပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်လည်း CDM ဝန်ထမ်းများကို ထောက်ပံ့သည့်အစီအစဉ်များရှိသော်လည်း CDM လုပ်ဆောင်သူ အားလုံးကို လွှမ်းခြုံမှုမရှိကြောင်း သိရသည်။







