စစ်ကောင်စီတပ်စခန်းအချို့ ဆုတ်ခွာပြီး တပ်စခန်းကြီးများနှင့် သွားရောက်ပူးပေါင်းခဲ့ဟု KNU ပြော

စစ်ကောင်စီတပ်စခန်းအချို့ ဆုတ်ခွာပြီး တပ်စခန်းကြီးများနှင့် သွားရောက်ပူးပေါင်းခဲ့ဟု KNU ပြော

KNU - ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်) ခရိုင် တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ် ခြေကုတ်စခန်းအချို့ စခန်းဆုတ်ခွာပြီး အနီးအနားရှိ တပ်စခန်းကြီးများနှင့် သွားရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ (၅) က ပြောသည်။

စစ်ကောင်စီတပ်၏ ခြေကုတ်စခန်းအချို့ ဆုတ်ခွာလိုက်ခြင်းသည် နောက်ဆုတ်ခြင်းမဟုတ်ဘဲ အင်အားစုစည်းရန်အတွက် အနီးအနားရှိ တပ်စခန်းကြီးနှင့် သွားရောက်ပူးပေါင်းလိုက်ခြင်းသာဖြစ်သည်ဟု KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ပြောသည်။

၎င်းက ”ကျနော်တို့ထင်တာက သူတို့ အခက်အခဲရှိလို့ပဲ။ ဘာဖြစ်လဲဆိုတော့ သူတို့စခန်းကိုလည်း ဒီဘက်ကတက်သိမ်းတာ ၁ ခု၊ ၂ ခုရှိပြီဆိုတော့ စခန်းကြီးတွေမှာ အင်အားသွားစုတာဖြစ်နိုင်တယ်။ ဒီစခန်းတွေက ကျနော်တို့ အရင်ကသိထားတာတော့ လူနည်းတယ်။ အခုက ဘယ်လောက်ရှိလဲတော့ မသိဘူး။ တချို့စခန်းက လက်နက်တွေချန်တာကလည်း သူတို့မသယ်နိုင်လို့ ချန်ထားတာဖြစ်တယ်လို့ထင်တယ်” ဟု ပြောသည်။

၎င်းဆုတ်ခွာလိုက်သည့် တပ်စခန်းများမှာ အူးသူ့ထာစခန်း၊ မောပူကြိုးစခန်း၊ မယ်ပေါမူထာစခန်းနှင့် ကော်ကျခိုစခန်းများဖြစ်ပြီး တပ်ဖွဲ့အင်အားနည်းသည့် စခန်းများလည်းဖြစ်ကာ စခန်းတစ်ခုလျှင် တပ်အင်အား အယောက် (၃၀) ဝန်းကျင်သာရှိသည့် စခန်းများဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများတွင် စစ်ကောင်စီတပ်စခန်း ၂ ခုဖြစ်သည့် သီးမူထာ့နှင့် သောလယ်ထာ့စခန်းကို KNLA တပ်မဟာ (၅) ဘက်မှ တက်ရောက်သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါ ခြေကုတ်စခန်း ၄ ခု ဆုတ်ခွာသွားမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယင်းစစ်ကောင်စီတပ်စခန်း ၂ ခုကို KNLA တပ်မဟာ (၅) က တက်ရောက်သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်တုန့်ပြန်သည့်အနေဖြင့် KNU တပ်မဟာ (၅) နယ်မြေအတွင်း လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်သောကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၄၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကရင်လူမှုအဖွဲ့များက ပြောသည်။

KNU မူတြော်ခရိုင်တစ်ခုလုံးတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၈၀ ကျော် အခြေချလှုပ်ရှားလျက်ရှိသည်ဟု KNU တပ်မဟာ ၅ က ပြောဆိုထားသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...