ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများပြန်ဖွင့်လျှင် ကျောင်းအပ်နှံသူ များပြားနိုင်ဟုဆို

ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများပြန်ဖွင့်လျှင် ကျောင်းအပ်နှံသူ များပြားနိုင်ဟုဆို

၂၀၂၁ - ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းများတွင် မေလ ၂၄ ရက်မှစ၍ ကျောင်းအပ်နှံနိုင်မည်ဖြစ်ရာ ရခိုင်ပြည်နယ်တွင် ကျောင်းအပ်နှံမည့် ကျောင်းသား/ကျောင်းသူများပြားနိုင်ကြောင်း ကျောင်းသားမိဘများက ပြောကြားသည်။

စစ်တွေမြို့နယ် ကျေးတောအုပ်စု ကျေးတောရွာမကျေးရွာမှာ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ဦးမြတင်က “ကျောင်းဖွင့်ဖို့ သေချာရင်တော့ ကျောင်းထားမှာပေါ့။ ၈ တန်းတစ်ယောက်၊ ၁ တန်းတစ်ယောက်ရှိတယ်။ ကလေးတွေလည်း ကျောင်းနဲ့ စိမ်းနေတာကြာပြီး‌ ကျောင်းထားမယ်။ တစ်ခုတော့စိုးရိမ်ပါတယ်။ ကျောင်းတက်နေရင် လက်ရှိအခြေအနေကြောင့် ပြဿနာတွေဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်” ဟု နိရဥ္စရာကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် ကျောင်းများကို လွန်ခဲ့သည့်နှစ်တစ်နှစ်လုံး ပိတ်ထားခဲ့ရပြီး စစ်ပွဲဖြစ်ပွားရာဒေသများတွင်လည်း ကျောင်းများ ပိတ်ထားသည်မှာ ၂၀၁၉ ခုနှစ်ကတည်းကဖြစ်ကြောင်း၊ သို့အတွက် ကျောင်းဖွင့်လျှင် သားသမီးများကို ကျောင်းအပ်နှံချင်ကြောင်း ရသေ့တောင်မြို့ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ အောင်သာစည်ကျေးရွာမှ ဦးမောင်စံညွှန်က ပြောသည်။

“အခု ကျွန်တော်တို့နေတဲ့စခန်းမှာ ကျောင်းတက်ဖို့ ကလေးတွေ ၅၀ လောက်ရှိပါတယ်။ စစ်ဘေးနဲ့ကပ်ဘေးကြောင့် ကလေးတွေ ကျောင်းမတက်ရတာကြာပြီ။ ဒီနှစ်ပါ ကျောင်းမတက်ရရင် ၃ နှစ်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်ကျောင်းဖွင့်ရင် ကျောင်းထားချင်ပါတယ်။ ဒါပေမဲ့ အိမ်မပြန်နိုင်သေးလို့ အခက်အခဲဖြစ်နေပါတယ်။ သားသမီးတွေကို စာတတ်စေချင်ပါတယ်။ အခု အစိုးရကို စစ်ဘေးရှောင်စခန်းက ကလေးတွေကိုရော ကျောင်းတက်နိုင်ဖို့ ကူညီပေးစေချင်ပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း ရခိုင်က စစ်ဘေးရှောင် ၁ သိန်းခန့်ကျော်မှာ အိမ်မပြန်နိုင်သေးသဖြင့် ကျောင်းအပ်နှံဖို့ မိဘများ အခက်အခဲဖြစ်နေကြသည်သာမက စားဝတ်နေရေးအကျပ်အတည်းကြောင့် ကျောင်းသူ/သားများအနေဖြင့် ရေရှည်ပညာသင်ကြားရန် အခက်တွေ့နေကြသည်ဟုဆိုသည်။

စစ်ဘေးရှောင်စခန်းကလေးများအနေဖြင့် ကိုယ့်နေရာကိုယ့်ဒေသမှာ ကျောင်းတက်ရလျှင် ကလေးများအတွက် ပိုပြီးအဆင်ပြေစေမည်ဖြစ်ကြောင်း၊ ယခင်က ပိတ်ထားခဲ့ရသည့် ကျေးရွာကကျောင်းများ စိုးရိမ်မှုမရှိဘဲ ကျောင်းတက်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းကဆက်ပြောသည်။

အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရမည့်နေ့ကို မေ ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၈ ရက်တိတိ သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့မှစ၍ အခြေခံကျောင်းများကို ကျောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း နစကကောင်စီ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

သဂင်္ဟကမ်းလက်ရက္ခိတအဖွဲ့၏ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ကျွန်တော်မှာတော့ အကိုသမီးတွေရှိပါတယ်။ သူတို့လည်း ကျောင်းတက်မှာပါ။ ကျွန်တော်ဆန္ဒအရဆိုရင် ကျောင်းသားတွေကိုလည်း ကျောင်းတက်စေချင်ပါတယ်။ ဆရာ/မတွေကိုလည်း စာပြစေချင်ပါတယ်။ ဘယ်လို့ ပညာရေးဘဲဖြစ်ဖြစ်ပေါ့။ ကျောင်းတက်စေချင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကျောင်းတက်နေရင် တစ်ဝက်တစ်ပျက်နဲ့ စာမေးပွဲမဖြေရဘဲ ဖြစ်သွားမှာကိုလည်း စိုးရိမ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ - ၂၀၁၉ နှစ်က စစ်ပွဲများကြောင်း မြို့နယ်စာသင်ကျောင်းတချို့ ပိတ်ထားခဲ့ပြီး ၂၀၁၉ -၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင်း တစ်နိုင်ငံလုံးမှ စာသင်ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများ ပိတ်ထားခဲ့ရသည်။

လက်ရှိ နစကကောင်စီ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ရာတွင် ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ၆ နှစ် အရွယ်ကလေးများကို ပထမတန်း (Grade – 1) သို့ အပ်နှံရန်ရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပါ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask ၊ Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးမည်ဟု ဖော်ပြထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...