စစ်တွေတွင်ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းသို့ ၅ ရက်အတွင်း လူနာ ၁၀၀ ကျော် လာရောက်ပြသ

စစ်တွေတွင်ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းသို့ ၅ ရက်အတွင်း လူနာ ၁၀၀ ကျော် လာရောက်ပြသ

လူမျိုးမရွေး၊ ဘာသာမရွေး ငွေကြေးမတတ်နိုင်သူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် စစ်တွေမြို့မှ Food Not Bombs Rakhine Free Clinic အခမဲ့ဆေးခန်းသို့ (၅) ရက်အတွင်း ရောဂါဝေဒနာရှင် ၁၀၀ ကျော် လာရောက်ပြသခဲ့သည်ဟု သတင်းရရှိသည်။

အခမဲ့ဆေးခန်း တည်ထောင်သူတစ်ဦးဖြစ်သည့် ကိုစည်သူအောင်က “အခုကုသပေးနေတဲ့ ဆရာဝန်က တစ်ယောက်တည်းဆိုတော့ တစ်ရက်ကို လူနာ ၂၅ ယောက်လောက်ပဲ ကြည့်နိုင်သေးပါတယ်။ ၂၅ ယောက်ထက်ပိုသွားရင် နောက်တစ်နေ့မှာ ကြိုတင်စာရင်းပေးပြီး ကုပေးတယ်။ အခုလောလောဆယ်တော့ လူနာ ၁၀၀ လောက်ကို ကုသပေးပြီးပြီ” ဟုဆိုသည်။

ဆေးခန်းကို ဦးဆောင်ဖွင့်လှစ်ရာတွင် ပါဝင်သူတစ်ယောက်လည်းဖြစ်သော အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်ဇော်သန့်တစ်ဦးတည်းဖြင့် တစ်ပတ်လျှင် ၃ ရက် (တနင်္လာ၊ ဗုဒ္ဓဟူးနှင့်‌ သောကြာ) ဖွင့်လှစ်ပြီး နေ့လယ် ၁ နာရီမှ ည ၃ နာရီအထိ ကုသပေးလျှက်ရှိကြောင်း သိရသည်။

“လူနာတွေလည်း လာပြကြတာများပါတယ်။ နောက်ထပ် ဆရာဝန်တွေကို ကျွန်တော်တို့ ညဏ်ပူဇော်ခလေးပေးပြီး အလှည့်ကျ လာရောက်ကုသပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောသည်။

ယင်းဆေးခန်း၌ အဓိကအားဖြင့် အထွေထွေရောဂါများကို အဓိကထား အထူးကုသပေးနေပြီး အခြားသောရောဂါကြီးများကို ကုသမပေးနိုင်သော်လည်း သက်ဆိုင်ရာဆရာဝန်များထံသို့ ညွှန်ပေးနိုင်သည့် အခြေအနေသာရှိကြောင်း သိရသည်။

ကိုစည်သူအောင်က “ကျွန်တော်တို့နိုင်ငံက ဆင်းရဲတယ်ပေါ့နော်။ ချမ်းသာတဲ့သူတွေက ငွေကြေးအကုန်ကျခံပြီး ကုသမှုတွေခံယူနိုင်တယ်။ ဒါပေမဲ့ မရှိဆင်းရဲသူတွေကတော့ ငွေကြေးအကုန်ကျခံ မကုသနိုင်တော့ သူတို့အတွက် အခက်အခဲတစ်ခုဖြစ်နေတယ်။ သူတွေရဲ့ အခက်အခဲတစ်ခုကို လူသားဆန်မှုပီပီနဲ့ အခြေခံလူတန်းစားတွေအတွက် အဓိကထားရည်ရွယ်ပြီး လုပ်ဖြစ်တာပါ” ဟု နိရဉ္စရာကိုပြောသည်။

အမေနှင့်ကလေးရော နေမကောင်းဖြစ်နေသည့် ကုန်တန်းရပ်ကွက်နေ မသီတာလှိုင်က “သမီးလေးဖျားနေတာ တစ်ပတ်လောက်ရှိပြီ၊ ကျွန်မကလည်း ခေါင်းတွေမူးတယ်၊ ကိုယ်တွေကိုက်တယ်။ အိမ်နားက အစ်မတစ်ပြောလို့ အခမဲ့ဆေးခန်း ပြလို့ရတယ်ဆိုလို့ လာပြတာပါ။ လက်လုပ်လက်စားတွေက တစ်ရက်လုပ်မှ တစ်ရက်စားတာကို ဒီလိုမျိုး ဆေးခန်းဖွင့်ထားတော့ ကောင်းပါတယ်” ဟု ပြောသည်။

လာရောက်ပြသသည့် လူနာများအနေဖြင့် Food Not Bombs - Rakhine Free Clinic ရဲ့ အခမဲ့ဆေးခန်းကို ဆက်လက်ဖွင့်လှစ်ထားဖို့ လိုလားတောင့်တနေကြသော်လည်း ဆေးဝါးမပြည့်စုံမှုနှင့် လာမည့်မိုးရာသီ၌ အခမဲ့ဆေးခန်းလေးကို ဖွင့်ချင်သော်လည်း နေရာထိုင်ခင်း အဆင်မပြေမှုကြောင်း ရေရှည်မှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ရန် အဟန်အတားဖြစ်မည်ကို စိုးရိမ်နေကြသည်ဟု သိရှိရသည်။

၎င်းအခမဲ့ဆေးခန်းငယ်ကို လူငယ်များက ကိုယ်ထူကိုယ်ထဦးစီးပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက်၌ မေလ ၃ ရက်နေ့က ဖွင့်လှစ်ထားခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...