MUP မှ နုတ်ထွက်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေ၊ NUG အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ

MUP မှ နုတ်ထွက်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေ၊ NUG အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ

စစ်ကောင်စီအဖွဲ့တွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်ပါဝင်ခဲ့သည်ကို လက်မခံသည့်အတွက် ပါတီမှနုတ်ထွက်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေအား အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ယမန်နေ့က ခန့်အပ်ခြင်းခံရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ကြေညာချက်အရ သိရသည်။

CRPH ၏ ကြေညာချက်အမှတ် ၂၆/၂၀၂၁ တွင် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ခန့်အပ်ခြင်းခံရပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့၏ ဒုတိယဝန်ကြီး ၄ ဦးကိုလည်း တပြိုင်တည်းခန့်အပ်လိုက်ကြောင်း တွေ့ရှိရသည်။

ယခုအခါ အသက် (၈၂) နှစ်ခန့်ရှိသည့် နိုင်သုဝဏ္ဏသည် ကရင်ပြည်နယ် ထုံးအိုင်ကျေးရွာဇာတိဖြစ်၍ တက္ကသိုလ်ကျောင်းသားဘဝကတည်းက မွန်အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF စတင်ဖွဲ့စည်းခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း၊ MNDF ပါတီ ဖျက်သိမ်းခံရပြီး နောက်ပိုင်းတွင် ထိုင်း/မြန်မာအခြေစိုက် မွန်ရေးရာအဖွဲ့ MAU ပြည်တွင်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်ဖြစ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မွန်ပါတီများ ပူးပေါင်းပြီးနောက် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ MUP အစုလိုက်အပြုံလိုက် နုတ်ထွက်မှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

CRPH နှင့် မွန်ပြည်နယ် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee - MSICC ညှိနှိုင်းဆောင်ရွက်မှုဖြင့် နိုင်သုဝဏ္ဏအပါအဝင် MUP မှ နုတ်ထွက်ခဲ့သူ မင်းဇေယျာဦးအား စီမံကိန်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အငြိမ်းစားဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွက်အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အသီးသီး ရွေးချယ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ NUG အစိုးရအဖွဲ့တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုတိယသမ္မတတစ်ဦး၊ ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီးဌာန ၁၃ နေရာတွင် ဝန်ကြီး ၁၂ ဦး၊ ဒုတိယဝန်ကြီး ၁၆ ဦး ရှိပြီဖြစ်သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...