စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့်အမှုရင်ဆိုင်နေရသူအားလုံးကို ယနေ့ရုံးထုတ်စစ်ဆေး

စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့်အမှုရင်ဆိုင်နေရသူအားလုံးကို ယနေ့ရုံးထုတ်စစ်ဆေး

ထွန်းခိုင် - ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယနှင့် ဖမ်ဆီးပြီး အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများအားလုံးကို ယနေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စစ်တွေခရိုင်တွင် အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က တရားလိုများအနေဖြင့်လည်း တရားခံကို အပြစ်ပေးနိုင်အောင် ခိုင်လုံသော သက်သေအထောက်အများကို တင်ပြနိုင်ခြင်းမရှိကြောင်း ပြောသည်။

“အမှုတွေကတော့ အမိန့်ချဖို့အဆင့်မှာ ဆိုင်းငံ့ထားတယ်။ လက်ရှိ ကျနော်လိုက်နေတဲ့ အမှုတွေမှာတော့ အခု သက်သေတွေကို စစ်ဆေးထားတဲ့  အနေအထားထိတော့ တရားလိုဖက်က အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ပံ့တယ်။ အားပေးတယ်။ အကြမ်းဖက်အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ အထောက်အထားကို မတင်ပြနိုင်ဘူး။ ခိုင်လုံတဲ့အထောက်အထားတွေကို မတင်ပြနိုင်။ သူတို့ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ပါတယ်။ ထောက်ပံ့နေပါတယ်လို့ တရားလိုဖက်က တရားခံကို အပြစ်ပေးနိုင်လောက်အောင် အနေအထားအထိ တင်ပြနိုင်တာမရှိဘူး။ အမှုအနေအထားတွေက ကောင်းတယ်လို့ ပြောရမှာပေါ့” ဟုပြောသည်။

စစ်တွေခရိုင်တွင် အကြမ်းဖက်ဥပဒေဖြင့် အမှုပေါင်း ၁၉ မှုရှိပြီး တရားစွဲဆို ခံထားရသူ ၈၆ ဦးအထိရှိကြောင်း သိရှိရသည်။

အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူများအား တစ်ပတ်တွင် ရုံးချိန်းနှစ်ကြိမ်ချိန်းရန် အထက်က ညွှန့်ကြားထားကြောင်း သူကဆက်ပြောသည်။

ရခိုင်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသော ကလေးသူငယ်များ၏ အမှုကို တရားလိုဖက်မှ ရုပ်သိမ်းလွှာတင်ပြီးပြီဖြစ်သော်လည်း လူကြီးများ၏ အမှုနှင့် ပတ်သက်၍ ရုပ်သိမ်းလွှာတင်ရန် ကြားသိနေရသော်လည်း ယခုအချိန်ထိ တင်ပြခြင်းမရှိသေးကြောင်း သူကဆက်ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်သည့်အတွက် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ ၄င်းအမှုဖြင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိတော့ကြောင်း ဦးကျော်ညွန့်မောင်ကပြောသည်။

“AA ကို အကြမ်းဖက်အဖွဲ့ မဟုတ်ဆိုပြီးတော့ ကြေညာလိုက်ပြီးတဲ့နောက် နောက်ရုံးချိန်းတွေမှာ အဲဒီလူတွေကို အကြမ်းဖက်နဲ့ ပတ်သက်ပြီးတော့ ဆက်လက်စစ်ဆေးစရာအကြောင်း တစ်စုံတစ်ရာမှ မရှိတော့ဘူး။ အကြမ်းဖက်မဟုတ်တဲ့အတွက် အကြမ်းဖက်နဲ့ စစ်ဆေးစရာအကြောင်း မရှိတော့ဘူး။” ဟုပြောသည်။

၄င်းတို့အမှုအား လာမည့်မေလ ၆ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ် ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ဦးတင်ဖေ၏ ဦးလေးဖြစ်သူ ဦးအေးထွန်းသိန်းက အမှုအား အမြန် ဆုံးဖြတ်ပေးစေချင်ကြောင်း ပြောသည်။

“သူတို့ကို ဖမ်းထားတာ တစ်နှစ်လည်းကျော်နေပြီ။ ကျနော်တို့မှာ ရုံးချိန်းတိုင်းလာဖို့အတွက် ငွေကြေးကလည်း မတတ်နိုင်ဘူး။ သူတို့မိသားစုလည်း ထမင်းငတ်တော့မလိုဖြစ်နေပြီ ဒါကြောင့် အမှုကို အမြန်ဆုံးဖြတ်ပေးစေချင်ပါတယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသော သံသယဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၀၀ ခန့်ရှိကြောင်း သိရှိရသည်။ ၄င်းတို့အား စွဲဆိုထားသော အကြမ်းဖက်မှု ဥပဒေပုဒ်မများမှာ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၀ (ည)၊ ၅၂ (က) စသော အမှုများဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...