တရားသူကြီးခွင့်ယူထားသဖြင့် ကျောင်းသား ၄ဦး၏အမှုမစစ်ဆေးနိုင်ဘဲ ဧပြီ ၂၈ ရက်သို့ထပ်မံရုံးချိန်း

တရားသူကြီးခွင့်ယူထားသဖြင့် ကျောင်းသား ၄ဦး၏အမှုမစစ်ဆေးနိုင်ဘဲ ဧပြီ ၂၈ ရက်သို့ထပ်မံရုံးချိန်း

ထွန်းခိုင် - စစ်တွေမြိုနယ်၊ တရားသူကြီးနေမကောင်းဖြစ်နေ၍ ခွင့်ယူထားသဖြင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဖမ်းဆီးခံကျောင်းသား (၃) ဦးနှင့် ဝန်းရံကျောင်းသား (၁) ဦး၏ အမှုအား ယမန်နေ့ ဧပြီ ၂၃ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ ဧပြီ ၂၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု  ၎င်းတို့၏ အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ ဒီနေ့ရုံးချိန်းမှာ မြို့နယ်ရဲမှူးက သက်သေထွက်ဆိုဖို့ရောက်တယ်။ မြို့နယ်ရဲမှူးသက်သေထွက်ဆိုဖို့ ရောက်ပေမဲ့ တရားသူကြီးက နေမကောင်းတဲ့အတွက်ကြောင့် မြို့နယ်ရဲမှူးကို အကျိုးအကြောင်း ပြောပြီးတော့ ပြန်လွှတ်ပေးလိုက်ရတယ်” ဟုပြောသည်။

ယနေ့တွင် ရုံးချိန်းတွင် အမှုအား မစစ်ဆေးနိုင်ခဲ့သော်လည်း  လာမည့် ဧပြီလ ၂၈ ရက်နေ့ကို ထပ်မံရုံးချိန်းထားကြောင်း သူကဆက်ပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုတိုးတိုးအောင်ကလည်း မတရားဖမ်းဆီးခံနေရခြင်းများနှင့် ပတ်သက်၍ အမှုအားဖြေလျော့ပေးစေလိုကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“မတရားဖမ်းဆီးခံနေရတာတွေနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ပြန်လို့ ဖြေလျော့ပေးခြင်း မရှိဘူးဆိုရင်တော့ နောက်ထပ်ဘယ်လို့ဖြစ်စဉ်တွေ ဖြစ်လာမှာလဲဆိုတာကိုတော့ ကျနော်တို့ ပြောလို့မရဘူး ”ဟု ကိုတိုးတိုးအောင်က ပြောသည်။

ဖမ်းဆီးခံနေရသော ကျောင်းသားများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ- ရန်ကုန်) တို့ဖြစ်ကြသည််။

၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့်အတူ အစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရကို အလိုမရှိကြောင်း ပိုစတာဗီနိုင်းများကို ကိုင်ဆောင်၍ ချီတက် ဆန္ဒပြမှုပြုလုပ်ခဲ့သောကြောင့် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

၄င်းအပြင် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ပြည်နယ်အစိုးရရုံးရှေ့တွင်  လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့်  ငြိမ်းစုစီပုဒ်မ ၁၉ နှင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရှိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...