အာဏာသိမ်းပြီးနောက် ၃ လခန့်အကြာတွင် ဖမ်းဆီးခံရသည့် သတင်းသမား ၇၀ ဦးထဲမှ ၃၂ ဦးသာ လွတ်မြောက်သေး

အာဏာသိမ်းပြီးနောက် ၃ လခန့်အကြာတွင် ဖမ်းဆီးခံရသည့် သတင်းသမား ၇၀ ဦးထဲမှ ၃၂ ဦးသာ လွတ်မြောက်သေး

မြန်မာနိုင်ငံတွင် တပ်မတော်မှအာဏာသိမ်းပြီးနောက် ဧပြီလ ၁၉ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းမီဒီယာသမား စုစုပေါင်း ၇၀ ဦးရှိပြီး လက်ရှိအချိန်ထိ ၃၂ ဦးသာ ပြန်လည်လွတ်မြောက်လာ သေးကြောင်း နိုင်ငံတကာမြန်မာ့သတင်း (BNI Multimedia Group)မှ ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန် ထားသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းသမားများထဲမှ ၁၉ ဦးမှာ တရားစွဲဆိုခံထားရပြီး အများစုမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့်ဖြစ်ကာ အခြားသော ပုဒ်မ-၁၁၄၊ ပုဒ်မ-၁၁၈၊ ပုဒ်မ-၃၃၂၊ ပုဒ်မ-၄၃၆ တို့နှင့်လည်း တရားစွဲခံထားရကြောင်း သိရသည်။

“အစောပိုင်းဖြစ်စဉ်တွေမှာ သတင်းလိုက်ရင်းနဲ့ အဖမ်းခံရတာတွေရှိတယ်၊ နောက်ပိုင်းဖြစ်စဉ်တွေမှာတော့ သတင်းလိုက်ရင်းနဲ့မဟုတ်ဘဲ အိမ်ကိုလာဖမ်းတာတွေ၊ ရုံးကိုလာဖမ်းတာတွေရှိတယ်။ အဲဒါက မီဒီယာတွေကို ရပ်ဆိုင်းသွားအောင် ခြိမ်းခြောက်တဲ့လုပ်ဆောင်ချက်တွေလိုမြင်တယ်။ ဒီဟာတွေကို ကျနော်တို့က လက်မခံနိုင် ဘူး၊ ဒီဟာက မီဒီယာလွှတ်လပ်ခွင့်တွေကို တိုက်ရိုက်ထိပါးစေတယ်” ဟု သတင်းစာဆရာ ဦးမြင့်ကျော်က ပြောသည်။

ဖမ်းဆီးခံထားရသည့် သတင်းသမားများမှာ သတင်းဌာနပေါင်း (၃၃)ခုမှဖြစ်ကာ ယင်းအထဲတွင် အမျိုးသား သတင်းထောက် ၅၇ ဦးနှင့် အမျိုးသမီးသတင်းထောက် ၁၂ ဦးတို့ဖြစ်ပြီး အတည်မပြုနိုင်သေးသူတစ်ဦးတို့ ဖြစ်ကြောင်း BNI ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

နိုင်ငံခြားသတင်းထောက်ဖြစ်သည့် ဂျပန်နိုင်ငံမှ အလွတ်တန်းသတင်းထောက်တစ်ဦးနှင့် DPA သတင်းဌာနမှ ပိုလန်နိုင်ငံသား သတင်းထောက်တစ်ဦးတို့လည်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာခဲ့သည်။

ထို့နောက် ဧပြီလ(၁၈) ရက်နေ့ ညနေ့ပိုင်းက ဂျပန်နိုင်ငံမှ အလွတ်တန်းသတင်းထောက် Mr.Yuki Kitazumi ကို ထပ်မံဖမ်းဆီးခဲ့သည်။

Myanmar Journalist Network မှ အတွင်းရေးမှူး ဦးနိုင်မင်းဝေက “ ဒီလိုမျိုးအချိန်တွေမှာ သတင်းစီးဆင်းမှု အပိုင်းတွေက ပိုပြီးတော့မြန်ဆန်ဖို့လိုတယ်လေ။ ဆိုတော့ နှစ်ဖက်အပြိုင်ဝါဒဖြန့်နေကြတဲ့အချိန်မှာ professional သတင်းထောက်တွေရဲ့ အခန်းကဏ္ဍတွေက ပိုပြီးတော့အရေးကြီးတယ်။ အဲဒီလို သတင်းထောက်ကိုပါဖမ်းတော့ သူတို့ရဲ့ရည်ရွယ်ချက်တွေက မကောင်းဘူးပေါ့။ သတင်းတု၊ သတင်းအမှား တွေကို ချေဖျက်ဖို့ဆိုတာကတော့ professional သတင်းသမားတွေနဲ့ ဒီဟာကိုလုပ်နေတဲ့ သတင်းဌာနတွေက လုပ်မှ လူတွေကယုံကြည်လို့ရမှာ။ အခုက သတင်းထောက်တွေဖမ်းတယ်၊ သတင်းတိုက်တွေ အပိတ်ခံရတယ် ဆိုတော့ အဲဒါကပိုပြီးတော့ သတင်းတု၊သတင်းအမှားတွေပိုပြီးပြန့်တာပေါ့။ အဲတော့ သတင်းသမားတွေက သူတို့အလုပ်ကို သူတို့လုပ်နေတာလေ၊ ဒါက ဖမ်းစရာကိစ္စမဟုတ်ဘူး” ဟု ပြောသည်။

သတင်းထောက်များ အများဆုံးဖမ်းဆီးခံရသည်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် (၂၆)ဦးနှင့် ကချင်ပြည်နယ်တွင် (၁၂)ဦးတို့ဖြစ်ကြသည်။

ယင်းအပြင် ဟိုပုန်း၊ တောင်ကြီး၊ မုံရွာ၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ဟားခါး၊ မိတ္ထီလာ၊ မြိတ်၊ မင်းဘူး၊ ကျိုက်ထိုနှင့် မော်လမြိုင်တို့မှ သတင်းထောက်များလည်း ဖမ်းဆီးခံရကြောင်း BNI က ဆိုသည်။

“စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းထောက် တော်တော် များများကို ဖမ်းဆီးမှုတွေရှိတယ်။ အဲတော့ ကျနော်တို့ သတင်းထောက်တွေအနေနဲ့ သတင်းယူဖို့အတွက် အခု နောက်ပိုင်းဆိုရင် စိုးရိမ်ရတဲ့အနေအထားတွေဖြစ်သွားပြီ။ လက်ရှိအနေအထားအရ သတင်းမီဒီယာဥပဒေ ဆိုတာလည်း မရှိတော့ဘူးလို့ပြောလို့ရတယ်” ဟု လုံခြုံရေးအရတိမ်းရှောင်နေသည့် သတင်းထောက်တစ်ဦးက ဆိုသည်။

အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ DVB ၊ Mizzima ၊ Myanmar Now ၊ 7 days နှင့် ရန်ကုန် Khit Thit မီဒီယာတို့ကို ထုတ်ဝေခွင့်ရုပ်သိမ်းထားသည်။

ယင်းကဲ့သို့ သတင်းထောက်များအား ဖမ်းဆီး၊ အမှုဖွင့်လာသည့် အခြေအနေကို စိုးရိမ်သဖြင့် တချို့သတင်း ထောက်များမှာ အလုပ်မှ နှုတ်ထွက်မှုများလည်း ရှိလာသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
February 23, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power...
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
February 21, 2026
အိန္ဒိယနိုင်ငံသား ကားသမားတစ်ဦး သေဆုံးမှုကြောင့် ပိတ်ထားသည့် အိန္ဒိယ - ရခိုင်...
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာမြင်ကွင်း။ ဓာတ်ပုံ-APM
February 20, 2026
ရခိုင်လက်ကျန်မြို့ထဲမှ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား...
February 19, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြား ထိခိုက်ပျက်စီးခဲ့ရသည့် သမိုင်းဝင် ဘုရားပုထိုးစေတီ များအား...