နေရပ်ပြန်စစ်ဘေးရှောင်များအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန် အကူအညီလိုအပ်နေ

နေရပ်ပြန်စစ်ဘေးရှောင်များအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန် အကူအညီလိုအပ်နေ

ဒေသတည်ငြိမ်နေသည့်အတွက် မိမိတို့ကျေးရွာများသို့ ပြန်သွားကြသည့်စစ်ရှောင်များမှာ ယခုနှစ်မိုးရာသီ၌ မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် အခက်အခဲရှိကြောင်း ပြောဆိုကြသည်။

နေရပ်ပြန် စစ်ဘေးရှောင်များမှာ လာမည့် မေ၊ ဇွန်လများတွင် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် စပါးမျိုးစေ့မရှိခြင်း၊ လယ်ထွန်စက်များ မရှိခြင်း၊ ကျွဲ၊ နွား မရှိခြင်းများစသည့်အခက်အခဲများရှိ ကြောင်းပြောဆိုကြသည်။

“ မနှစ်က စပါးလည်းမစိုက်ပျိုးလိုက် ရဘူး။ မျိုးစပါး ကျတော့ဖြစ်သလိုပေါ့နော်။ ရှိတဲ့သူတွေမှာလည်း ရှိကြတယ်။ စပါးတလုံးမှ မရှိတဲ့သူတွေလည်း ရှိကြတယ်။ လယ်ထွန်ဖို့အတွက်ကျတော့လည်း ကျွဲ၊ နွားအဆင်မပြေဘူး။ တစ်ရွာလုံး စစ်ရှောင်ဖို့သွားနေရတယ်ဆိုတော့ လယ်ထွန်စက်လည်းမရှိဘူး။ အဲဒါတွေတော့ လိုအပ်ပါတယ်။ ကျွဲ၊ နွားတွေကိုလည်း တိုက်ပွဲဖြစ်နေ တဲ့ကာလအတွင်းအကုန်လုံး ရောင်းချလိုက်ရတယ်။ သေတဲ့သူတွေလည်း သေသွားကြတယ်။ လူမရှိတဲ့အချိန်မှာ ခိုးသွားတာတွေလည်းရှိတယ်” ဟု ရသေ့တောင်မြို့နယ်၊ ကန်ပြင်ကျေးရွာမှ တောင်သူ ဦးမောင်ထွန်းစိန်က ဆိုသည်။

လာမည့် မိုးရာသီအတွက် မိုးစပါးစိုက်ပျိုးရန် လိုအပ်သည့် မျိုးစပါးများ၊ လယ်ယာထွန်ယက်သည့် စက်ပစ္စည်းကိရိယာများကို ကူညီပေးမည့် အဖွဲ့အစည်းများအနေဖြင့်လည်း ယခုအချိန်မှစပြီး အကူညီပေးထားမည်ဆိုလျှင် မိုးစပါးကို အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းလည်း ဦးမောင်ထွန်းစိန်ကပြောသည်။

စစ်ဘေးရှောင် လယ်သမားများမှာ ယခုနှစ်မိုးရာသီ၌လည်း မိုးစပါးမျိုးစေ့ ဝယ်ယူရန်နှင့် လိုအပ်သည့် ဓာတ်မြေ သြဇာများကို ဝယ်ယူရန် အတွက်လည်းအခက်အခဲရှိနေကြောင်းမြေပုံမြို့နယ်၊ ညောင်ကန် ကျေးရွာမှ ဦးခင်ထွန်းအေးက ပြောသည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျနော်တို့စစ်ဘေးရှောင်လယ်သမားတွေကို မိုးစပါးစိုက်ပျိုးဖို့အတွက် အကူအညီ မပေးဘူးဆိုရင်တော့ ဒီနှစ်လည်းစပါးမစိုက်ပျိူးပဲထားလိုက်ရတော့မယ်။ တကယ်လို့ကူညီထောက်ပံ့ ပေးဖို့ဆိုရင်လည်းစောစောစီးစီးထောက်ပံ့ပေးရမယ်။ ကောက်စိုက်ချိန်နောက်ကျရင်လည်းစပါးပင် ရှင်သန်မှု ကအား နည်းပြီး  အထွက်နှုန်းကနည်းသွားမယ်။ စပါးတွေပျက်စီးတာတွေဖြစ်တတ်ပါတယ်။ လယ်ထွန်စက်တွေ၊ မျိုးစပါးတွေလိုအပ်ပါတယ်”  ဟုဆိုသည်။

တိုက်ပွဲရပ်ဆိုင်းနေသည့် ၅ လတာကာလအတွင်း ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် ဦးရေ နှစ်သောင်းကျော်ထိ မိမိနေရပ်ကို ပြန်သွားခဲ့ကြပြီး ၎င်းတို့အနေဖြင့် လာမည့် မိုးရာသီမိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် အကူအညီပေးရမည့်အပိုင်းမှာလည်း အရေးကြီးသည်ဟု ရခိုင်တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံး REC ၏အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။  

 “နေရပ်ပြန် စစ်ဘေးရှောင်တွေကို လိုအပ်တဲ့ စက်ယန္တယားတွေ ငွေကြေး အရင်းအနှီးတွေ ထောက်ပံ့ဖို့လိုအပ်ပါတယ်။ အဲဒီအချိန်ကျမှ သူတို့ရဲ့အလုပ်အကိုင်တွေ လုပ်ကိုင်ပြီး မိမိနေရပ်ကို ပြန်သွား ကြလိမ့်မယ်။ တကယ်လို့သာမကူညီဘူးဆိုရင်တော့ နေရပ်ပြန် စစ်ဘေးရှောင်တွေအနေနဲ့စားရေးသောက်ရေးအပိုင်းမှာ အလွန်တရာမှ အခက်အခဲ ဖြစ်သွားနိုင်တယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်သည် လယ်ယာလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း ပြည်နယ်အတွင်း ပဋိပက္ခများ၊ စစ်ပွဲများကြောင့် တောင်သူအများစုမှာ လယ်ယာလုပ်ငန်းကို ကောင်းစွာမလုပ်နိုင်ကြသလို ဒေသတွင်း လယ်ယာလုပ်သားရှားခြင်း၊ စပါးစိုက်ပျိုးရာ၌ အရင်းအနှီးကြီးခြင်း တို့ကြောင့် တချို့လယ်မြေများမှာ မြုံးမြေအဖြစ်ရှိနေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ဦးကျော်ဇံက ပြောသည်။

“ပြည်မဖက်၊ ပြည်ပဖက်ကိုထွက်ပြီးတော့ လုပ်ကိုင်ကြတာများလာတဲ့အခါ လုပ်သားမရှိတဲ့အတွက် မြုံးထားရတဲ့ အပိုင်းတွေများလာတယ်။” ဟု ပြောသည်။

လုပ်သားရှားမှု၊ လယ်ယာလုပ်ငန်းအတွက်အရင်းအနှီးကြီးမှုကြောင့် မြုံးမြေအဖြစ်ထားရှိသည့် လယ်ဧကပေါင်း ၁၅၀၀၀၀ အထိရှိကြောင်း တောင်သူလယ်သမားသမဂ္ဂ၏ စစ်တမ်းများအရသိရသည်။

ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့် လယ်ဧကမှာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဧကပေါင်း ၂ သိန်းနီးပါးရှိပြီး ယင်းအထဲတွင် လယ်ဧက ၅ သောင်းခန့်မှာ တိုက်ပွဲများကြောင့် စိုက်ပျိုးနိုင်မှုမရှိခဲသလို ကျန်ဧက ၁၅၀၀၀၀ မှာ စိုက်ပျိုးစရိတ်မလုံလောက်သည့်အတွက် ထွက်လာသည့် ထုတ်ကုန်မှာလည်း စိုက်ပျိုးစရိတ်ကို မကာမိခြင်း၊ လယ်ယာလုပ်သားရှားပါးခြင်းတို့ကြောင့် စိုက်ပျိုးနိုင်မှုမရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ မှကောက်ယူထားသည့် စာရင်းအရ သိရသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...