"၂နှစ်သက်တမ်းရှိမယ့် ကဒ်ကိုထုတ်ပေးမယ်။ သက်တမ်းပြည့်ရင် ပြန်လဲရမယ်။ အဲဒါရထားပြီးရင် ဥပဒေအရ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေ ဆက်လုပ်မယ်၊ ၀ိှုက်ကဒ် ပြန်အပ်ခံတဲ့နေရာတိုင်းက ပုံစံရေးသွင်းပြီး ပြန်ထုတ်ပေးမှာ" ဟု ၎င်းက ဆိုသည်။
၀ိှုက်ကဒ် ပြန်လည်အပ်နှံသူများသည် ၂ နှစ်သက်တမ်းရှိသည့် ကဒ်ပြားများရရှိရန် ၁၉၄၇ခုနှစ် လ.ဝ.က ဥပဒေပါ အမျိုးသား မှတ်ပုံတင်ကဒ်ပြား မရရှိမှီနှင့် လျောက်ထားဆဲကာလအတွင်း အသိအမှတ် ပုံလျှောက်လွှာ ပုံစံ (၃) ကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း လ.ဝ.က မှ သိရသည်။
ယင်းလျှောက်လွှာပုံစံများကို ရခိုင်ပြည်နယ်အတွင်းရှိ ဝှိုက်ကဒ်များ ပြန်လည်အပ်နှံသည့် စခန်းများမှပင် ဇွန်လ ၅ ရက်မှ ရက်အကန့်အသတ် မရှိ ထုတ်ပေးနေပြီး၊ နိုင်ငံသား စိစစ်လိုပါက စိစစ်ဆောင်ရွက်သွားမည်ဟု ဦးမောင်မောင်သန်းက ဆိုသည်။
နိုင်ငံသားစိစစ်ခံသူများသည် ပြဌာန်းပြီး နိုင်ငံသားဥပဒေအရ အရည်အချင်းပြည့်မှီသူများမှာ ဥပဒေအရ နိုင်ငံသား အဖြစ်ရရှိ မည်ဖြစ်ပြီး သက်တမ်း ၂ နှစ်အတွင်း စိစစ်မှုများမပြုလုပ်ခဲ့ဘဲ သက်တမ်းကုန်ဆုံးခဲ့ပါက သက်တမ်းတိုး ထပ်မံလျှောက်ထားရမည်ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၀ိှုက်ကဒ်ကိုင်ဆောင်သူ ရသိန်းကျော်ရှိပြီး သမ္မတ ဦးသိန်းစိန်၏ ဝှိုက်ကပ်များဖျက်သိမ်းသည့် ထုတ်ပြန်ချက်အရ လာရောက် အပ်နှံသူ လေးသိန်းကျော်သာရှိသည်။
မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် မွေးရာပါ နိုင်ငံသားများကို ပန်းရောင် နိုင်ငံသား စိစစ်ရေးကဒ်ပြား၊ ဧည့်သည် နိုင်ငံသား အဖြစ် သတ်မှတ်ပြီး ထုတ်ပေးသည့် အစိမ်းရောင် ဧည့်နိုင်ငံသားကဒ်၊ ဥပဒေအရ လျှောက်ထားပြီး သက်မှတ်ချက်များနှင့် ကိုက်ညီသူများကို ထုတ်ပေးသည့် အပြာရောင် ပြုနိုင်ငံသားကဒ်၊ နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများကို ထုတ်ပေးသည့် နိုင်ငံခြားသားမှတ်ပုံတင်စာရွက်၊ မည်သည့်နိုင်ငံသားဟု သတ်မှတ်ထားခြင်းမရှိဘဲ မြန်မာနိုင်ငံ အတွင်း နေထိုင်နေသူဟု သတ်မှတ်ကာ ထုတ်ပေးသည့် အမျိုးသားမှတ်ပုံတင်၊ နှင့် ယာယီနိုင်ငံသားအဖြစ် သတ်မှတ်ကာ ထုတ်ပေးသည့် အဖြူရောင်(ဝှိုက်ကဒ်) ဟု ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပအေရ ခွဲခြားထားသည်။
လဝက မှထုတ်ပေးနေသည့် ကဒ်ပြား ၆ မျိုး သတ်မှတ်ထားသော်လည်း နိုင်ငံလူဦးရေ၏ ၂၇ရာခိုင်နှုန်းကျော် ဖြစ်သည့် လူဦးရေ တစ်သန်းကျော်က မည်သည့် ကဒ်ပြားအမျိုးအစားမှ ကိုင်ဆောင်ခြင်းမရှိကြောင်း မေလ ၂၉ရက်တွင် ထုတ်ပြန်သည့် သန်းခေါင်စာရင်းရလဒ်မှ သိရသည်။







