CNF ဗဟိုဌာနချုပ်သွားရာလမ်းကြောင်းပေါ်ရှိ ကျေးရွာငါးရွာကို အပြင်မထွက်ရအမိန့် ထုတ်ပြန်

CNF ဗဟိုဌာနချုပ်သွားရာလမ်းကြောင်းပေါ်ရှိ ကျေးရွာငါးရွာကို အပြင်မထွက်ရအမိန့် ထုတ်ပြန်

ချင်းပြည်နယ် ထန်တလန်မြို့နယ် ချင်းအမျိူးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်း သွားရာလမ်းကြောင်းပေါ်ရှိ Vanzang တောင်ကြောက ကျေးရွာငါးရွာကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ (ဧပြီ ၂၁ ရက်) မှ ၂၆ ရက်အထိ အပြင်မထွက်ရအမိန့် (Curfew) ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

“ညမထွက်ရက ဟိုးအရင်ကတည်းကထုတ်ထားပြီးသား။ အခုတော့ နေ့ရောညပါ အပြင်မထွက်နဲ့ဆိုတဲ့အမိန့်ပဲ။ ရွာဘက်သွားတဲ့သူတွေကိုလည်း လမ်းတဝက်ကနေ ပြန်လှည့်ခိုင်းတယ်” ဟု ထန်တလန်မြို့ ဒေသခံတစ်ဦးကပြောသည်။

 

ထန်တလန်မြို့နယ် Vanzang တောင်ကြောတွင် ကျေးရွာ ခြောက်ရွာရှိပြီး ယခုအပြင်မထွက်ရအမိန့် ထုတ်ပြန်ထားသော ကျေးရွာ ငါးရွာမှာ Vanzang, Farrawn, Lungding, Tlangpi, Tlanglo ကျေးရွာတို့ ဖြစ်ကြောင်းသိရသည်။

 

Vanzang တောင်ကြောမှ ကျေးရွာတစ်ရွာဖြစ်သည့် Sopum ကျေးရွာမှာမူ လွန်ခဲ့သည့် ၃ လကတည်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး Curfew ထုတ်ထားခြင်းမရှိဘဲ ရွာအဝင်/အထွက်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုများပြုလာကာ ဖြတ်သန်းသွားလာသူများကို နေရပ်ပြန်လှည့်ခိုင်းနေသည်ဟု ထန်တလန်ဒေသခံကပြောသည်။

 

ထန်တလန်မြို့မှ ချင်းအမျိူးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကိုသွားမည်ဆိုပါက ယခု အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျေးရွာများကို ဖြတ်သန်းသွားလာရသည်။

 

ချင်းအမျိူးသားတပ်ဦး CNF သည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အရ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စခန်းချနေထိုင်ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ CNF ဌာနချုပ်ရှိရာအနီးရှိ ကျေးရွာများအား စစ်ကောင်စီဘက်မှ အပြင်မထွက်ရအမိန့် ထုတ်ပြန်ရသည့်အကြောင်းရင်းကို မသိရသော်လည်း စစ်အာဏာရှင်ဆန့်ကျင်သည့် CDM ဝန်ထမ်းများ၊ လူငယ်ခေါင်းဆောင်များ အဆိုပါဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်၍မရအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ယုံကြည်နေကြသည်။

 

ပြီးခဲ့သည့် မတ်လတုန်းကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်သည် CNF ဗဟိုဌာနချုပ်ကိုသွားရောက်ကာ CDM ဝင်ထားသည့် ရဲဝန်ထမ်းများအား ပြန်အပ်ရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...