ဖားကန့်ရှိ ကျေးရွာငါးခုမှပြည်သူများ စစ်ရှောင်ရန် နေရာအခက်အခဲနှင့်ကြုံတွေ့

ဖားကန့်ရှိ ကျေးရွာငါးခုမှပြည်သူများ စစ်ရှောင်ရန် နေရာအခက်အခဲနှင့်ကြုံတွေ့
by -
ခေါင်ညွယ် (KNG)

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi) ကျေးရွာအနီးတဝိုက် ဧပြီ ၁၈ ရက်နေ့မှစ၍ အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲကြောင့် ကျေးရွာငါးခုမှပြည်သူများ ထွက်ပြေးတိမ်းရှောင်မည့်နေရာနှင့်ပတ်သက်၍ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

 

KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဖြစ်သော ကန်ဆီး (Ginsi) ကျေးရွာ အနီးတဝိုက် ရွာဟောင်း၊ ဘော်ဆာဒီး၊ တန်းဂေါ်ဘွမ့်၊ ဂိုင်းဒါးဘွမ့်နှင့် ဟောဆိုင်းယာန်စသည့် ကျေးရွာ ၅ ခုမှ အိမ်ထောင်စု ၁၀၀ ကျော်က လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်မည့် နေရာမရှိသည့်အတွက် ကန်ဆီးကျေးရွာ (ရွာသစ်) တွင်သာ တိမ်းရှောင်နေရသည်ဟု ကျေးရွာတာဝန်ခံတစ်ဦးထံမှ သိရသည်။

 

“တစ်ချို့က ဘာသာရေးကျောင်းတွေထဲမှာနေကြတယ်။ တစ်ချို့က အစိုးရပညာသင်ကျောင်းတွေမှာ နေကြတယ်။ ဖားကန့်မြို့ဘက်ကို သွားဖို့ဆိုလည်း နေရာမရှိဘူး။ ပြီးရင် အခုက စစ်ရှောင်အသစ်လည်း လက်မခံဘူးလို့ပြောတယ်။ အခြေအနေ အရမ်းစိုးရိမ်တယ်” ဟု ပြောဆိုသည်။

 

ဧပြီလ ၁၉ ရက်နေ့တွင် ဂိုင်ဒါးဘွမ့် (Gai Da Bum) နှင့် တန်ဂေါ်ဘွမ့်တောင် (Tang Gaw Bum) ၏ ကတ်သလစ်ဆုတောင်းကုန်းအနီးနှင့် ကန်ဆီးဟော (Ginsi Hall) ကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။

 

အာဏာသိမ်းစစ်တပ်ဘက်မှ ဂျက်လေယာဉ် ၂ စီးဖြင့် ၁၄ ခေါက် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

“ဒီမနက်ကတော့ ပြန်ငြိမ်သွားပြီ။ မနေ့ညအထိ သေနတ်သံတွေကြားရသေးတယ်။ စစ်တပ်ဘက်က လက်နက်ကြီးသံတွေ တစ်ချက်တစ်ချက်ကြားရသေးတယ်” ကန်ဆီးဒေသခံတစ်ဦးက ပြောသည်။

 

ဧပြီ ၁၈ ရက်တွင် ကန်ဆီးကျေးရွာ၏ရှေ့ဘက် နမ့်ဂျန့် (Nam Jan) ရှိ အာဏာသိမ်းတပ်စခန်းတစ်ခုနှင့် ကန်ဆီးကျေးရွာမှ  ၃ မိုင်ခန့်ဝေးသွားရသော ဂိုင်ဒါးဘွမ့် (Gai Da Bum)၊ တန်းဂေါ်ဘွမ့် (Tang Gau Bum) ရှိ တပ်စခန်းတစ်ခု ၂ ခုကို KIA ဘက်မှ သိမ်းယူနိုင်ခဲ့ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

 

ကချင်ပြည်နယ်အနှံတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...