ဖားကန့်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းနှစ်ခုကို KIA သိမ်းပိုက်

ဖားကန့်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းနှစ်ခုကို KIA သိမ်းပိုက်
by -
ခေါင်ညွယ် (KNG)

ဖားကန့်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းယူလိုက်ကြောင်း သိရသည်။

 

အဆိုပါ မြို့နယ်ရှိ လုံးခင်းအုပ်စု၊ ကန်ဆီး (Ginsi Mare) ကျေးရွာအနီးတဝိုက်၌ ၎င်းတို့နှစ်ဖွဲ့သည် ဧပြီ ၁၈ ရက် ညနေပိုင်း ၅ နာရီအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်၏ တပ်စခန်းနှစ်ခုကို KIA ဖက်က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကန်ဆီး (Ginsi) ကျေးရွာ၏ အရှေ့ဘက်ရှိ နမ့်ဂျန့် (Nam Jan) ကျေးရွာတွင်တည်ရှိသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုနှင့် ကန်ဆီးကျေးရွာမှ သုံးမိုင်ခန့်ကွာဝေးသော ဂိုင်ဒါးဘွမ့် (Gai Da Bum)၊ တန်းဂေါ်ဘွမ့် (Tang Gau Bum) ရှိ တပ်စခန်းနှစ်ခုကို KIA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“တိုက်ပွဲဖြစ်တာက မနေ့ည ငါးနာရီလောက်ကနေ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ စပြီးကြားရတယ်။ တစ်ညလုံးတိုက်ပွဲဖြစ်နေတာ။ နားရင်လည်း ၁ နာရီလောက်ဘဲ ပြန်တိုက်နေကြတယ်။ အခုက စစ်တပ်တွေရဲ့ တပ်စခန်းနှစ်ခုကို သိမ်းယူပြီး နောက်တစ်နေရာမှာ ပြန်တိုက်နေတယ်”ဟု ၎င်းကပြောသည်။

 

လက်ရှိတွင် ဂိုင်ဒါးဘွမ့်နှင့် တန်ဂေါ်ဘွမ့်တောင် ကတ်သလစ်ဆုတောင်းကုန်းအနီးနှင့် ကန်ဆီးဟော (Ginsi Hall) ကျေးရွာတွင်ရှိသော အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများ ပြန်လည်သိမ်းယူရန် ပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် ဖားကန့် စစ်တပ်ကုန်း၊ ကန်းဆီးဗျူဟာကုန်းနှင့် ဖားကန့်ဆန်ခါအထက်ရှိ စစ်တပ်ကုန်း သုံးခုမှ KIA ရှိသည့်ဖက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...