ကျောင်းတော်တစ်ခုလုံးသည် သစ်သားများနှင့် တည်ဆောက်ထားသည့် ထက်အောက်ခြေ အဆောက်အအုံတစ်ခုလုံးအား သံမဏိများဖြင့် တည်ဆောက်ထားမူကြောင့် သံကျောင်းဟု အမည်တွင်သည်ကျောင်းဖြစ်သည်။
စစ်တွေမြို့တွင် ကျန်ရှိရစ်ခဲ့သည့် ကိုလိုနီခေတ်လက်ရာဟောင်းထဲမှ အထင်ကရအဆောက်အအုံတစ်ခုဖြစ်သည်။ အဝေးကမျှော်ကြည့်လျှင် သံကျောင်း၏ ခန့်ညားထည်ဝါပုံကို မြင်တွေ့ရသကဲ့သို့ ထိုကျောင်းတော်ကို တည်ဆောက်ခဲ့သည့် သူဌေးကြီး၏ဘဝသည်လည်း သမိုင်းတွင် ပုံရိပ်ထည်ဝါနေခဲ့သည်။ သံကျောင်းဟုခေါ်ကြသလို ရဲကျော်သူကျောင်းဟု လည်း ခေါ်ဆိုကြသည့် ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့သူ သူဌေးကြီးရဲကျော်သူသည် ယခုလာမည့် ၂၀၁၅နှစ်ဆို လျှင် သေဆုံးသည့်နှစ် ၁၀၅နှစ် ပြည့်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးလောကတွင် ဘဏ်လုပ်ငန်းအား ပထမဆုံးမိတ်ဆက်ပေးသည့် ရခိုင်လူမျိုးသူဌေးကြီးတစ်ဦးဖြစ်သည်။ ကိုလိုနီခေတ်က ပေါ်ပေါက်ခဲ့သော ဘဏ်လုပ်ငန်းများတွင် နိုင်ငံခြားသားများ၏ ရှယ်ယာမပါဘဲ ပထမဆုံးကိုယ်ပိုင်ဖွင့်လှစ်သည့် ဘဏ်သူဌေးကြီးတစ်ဦးလည်းဖြစ်သည်။
မျက်နှာဖြူလူမျိုးများနှင့်ချစ်တီးကုလားတို့၏ ငွေကြေးအတိုးများစွာဖြင့် ချေးငွေဒဏ်ကို အထက်မြန်မာပြည်တွင် ပြည်သူများခံစားနေရ သည့်ကာလတွင် ရခိုင်ပြည်တွင် သူဌေးကြီးရဲကျော်သူကြောင့် ရခိုင်ပြည်သူများ ယင်းဒဏ်နှင့်ကင်းဝေးခဲ့ရသည်။
ဦးရဲကျော်သူနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်မှ ကိုမြင့်ကျော်အောင်က သူ၏သမိုင်းကြောင်းကို မှတ်ချက်ပြုပြသည်။
“ရှားမှရှားတဲ့ရခိုင်သူဌေးကြီးတစ်ဦးပေါ့ဗျာ။ ဘဝကို ဘာမှမပါပဲအစပြုခဲ့တာ ဒီနေ့ခေတ်သူဌေးတွေ အတုယူရမယ့်အရာတွေပေါ့”
ဦးရဲကျာ်သူ၏ဘဝသည် သူ့မှတ်တမ်းများတွင် ဖော်ပြထားသလို ဘဝတစ်ခု၏ နိဒါန်းအား ဘာမျှမပါဘဲ အစပြုခဲ့ရခြင်းဖြစ်သည်။ ဦးရဲကျော်သူသည် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့သားတစ်ဦးလည်း မဟုတ်ခဲ့ချေ။ သူ၏မွေးဖွားရာဇာတိမှာ ဘင်္ဂလားဒေရှ်နိုင်ငံ ပင်းဝါမြို့အနီးရှိ ပဲတလီရွာဇာတိဖြစ်သည်။ မိသားစုထဲတွင် သူသည်တတိယမြောက်သားတစ်ဦးဖြစ်သည်။ သူ၏ငယ်ဘဝက စစ်တွေမြို့ကြီး၏ အကြောင်းသည် သူအတွက် မက်မောစရာတစ်ခုဖြစ်သည်။ ချမ်းသားကြီးပွားမူနှင့် ပညာညဏ်ကို အစပျိုးရန် ရေခံမြေခံကောင်းပြီး စွန့်စားလိုစိတ်များအား ဖြစ်ပေါ်စေသည့် အောင်မြေတစ်ခုအဖြစ် သူခံယူသည်။
ထိုကြောင့် ဦးရဲကျော်သူသည် ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာပြီး စစ်တွေမြို့သို့ ရောက်ရှိလာကာ ကုန်စည်များ သယ်ဆောင်သည့် စက်လှေတစ်စီးတွင် လှေထိုးသားအဖြစ် လုပ်ကိုင်ခဲ့သည်။ ဦးရဲကျော်သူ၏ ရိုးသားမူနှင့် စိတ်ရင်းကောင်းမွန်မှုကြောင့် အထက်သူဌေးကြီးများ နေရာပေးခြင်းကို ခံခဲ့ရသည်။ များမကြာမည် လုပ်ငန်းရှင် သူဌေးကြီး၏ သမီးနှင့်အိမ်ထောင်ကျရင်း ကိုယ်ပိုင်စီးပွားရေးများကို ချဲ့ထွင်လုပ်ကိုင်ခဲ့သည်။
ဦးရဲကျော်သူ၏ အရာရာကို အလေးအနက်ထားသည့် စိတ်အခံကြောင့် မမျှော်လင့်ဘဲ အောင်မြင်ရသည့် သာဓကာများရှိသည်။ အမှိုက်ထဲကရွှေဖြစ်ရသည့် ဥပမာများသည် သူ၏ဘဝတွင် အထူးအရေးပါသည့် ဖြစ်စဉ်များဖြစ်သည်။ ယင်းခေတ်က စက်လှေများ၏ စနစ်အရ ဘုတ်များတွင် အလေးရှိစေရန်အတွက် ဝမ်းခေါင်းထဲတွင် ကုန်ကူးပြီး အပြန်တွင် သဲများထည့်ပြီး သွားလာကြသည်။ ခရီးဆုံးလျှင် သဲများအား လွင့်ပစ်ကြရသည်။ ဦးရဲကျော်သူက ကြိုတင်အမြော်အမြင်ကြီးစွာဖြင့် သဲများအား လက်ခံစုဆောင်းရင်း စုပုံထားခဲ့သည်။ များမကြာမီ စစ်တွေမြို့တွင် အိမ်မြေများ ဆောက်လုပ်လာကြသည့်အခါ သူ၏သဲများသည် ရောင်းမလောက်ဖြစ်ခဲ့ရ သည်။ ငွေကြေးအမြောက်များကို ဦးရဲကျော်သူသည် သဲများမှရရှိခဲ့ရသည်။ ထိုကြောင့် သဲသူဌေးကြီးဟုလည်း ခေါ်ကြကြောင်း ခေတ်ပြိုင်မှတ်တမ်းများက ဖော်ပြထားကြသည်။
ဦးရဲကျော်သူ၏ ပုံရိပ်သည် အမှန်တကယ်မှာ ဆေးမဲကြီးဟုလည်း ပြောဆိုမှုများရှိကြသည်။ စက်လှေနစ်မြုပ်မှုကြောင့် ရေစွတ်စို သည့်ဆေးဝါးများ ပြည်မသို့ တင်ပို့ရာမှ လူကြိုက်များမှုကြောင့် ရွှေလက်ဝါးဟုလည်း အမည်တွင်ပြီး ရွှေလက်ဝါးသူဌေးဟု လည်း ခေါ်ကြသေးသည်။
ထိုသို့သူ၏ လုပ်ဆောင်မူနှင့် ကြီးပွားချမ်းသာမူများကြောင့် ကျက်သရေဆောင် ရွှေဆောင်စလွယ်ဆုအား အိန္ဒိယနိုင်ငံမှ ဆုချီးမြုပ်ခြင်းကို ခံခဲ့ရသည်။
ကြီးပွားချမ်းသာမှု အကြောင်းရင်းများကိုလည်း သူကိုယ်တိုင်ချမ်းသာရုံသာမက တခြားလူများအားလည်း သတင်းအစအနပေး တတ်သည့် အကျင့်များရှိသည်ဟု ဆိုသည်။ ထိုကြောင့် မနက်ခင်းတိုင်း စစ်တွေမြို့ပေါ်တွင် လှည့်ပတ်ရင်း စိတ်ပါဝင်စားသူများအား သတင်းအစအနများပေးတတ်သည်ဟုဆိုသည်။
ဦးရဲကျော်သူသည် ဦးရဲကျော်သူအင်ကုမ္ပဏီလိမိတက်ဟု ဘဏ်ကိုတည်ထောင်ဖွင့်လှစ်ခဲ့ပြီး စစ်တွေမြို့တွင် ဦးရဲကျော်သူ၏ဘဏ်မှအပ တခြားဘဏ်များ ဖွင့်လှစ်ခြင်းမရရှိနိုင်ခဲ့ချေ။ ချစ်တီးကုလားများ စစ်တွေမြို့တွင် ဘဏ်ဖွင့်လှစ်ရန် အကြိ်မ်ကြိမ်ကြိုးစားခဲ့ကြသည်။ သို့သော် စစ်တွေမြို့နယ်တွင် ဦးရဲကျောင်သူ၏ သြဇာညောင်းမူကြောင့် မည့်သည့်ဘဏ်မှ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိချေ။
ဦးရဲကျော်သူ၏ ပိုင်ဆိုင်မှုသည် ခန့်မှန်းရန် ခက်ခဲသည်ဟု ရှေးမီနောက်မီလူကြီးများက ပြောကြသည်။ ထိုသို့ပိုင်ဆိုင်မှု မြောက်များ စွာနှင့် သူဌေးကြီးဦးရဲကျော်သူသည် ၁၈၃၃ တွင် မွေးဖွားခဲ့ပြီး ၁၉၁၀ တွင် သေဆုံးခဲ့သည်။ လူလောကကြီးတွင် ရ၇ နှစ်တိုင် နေရစ်ခဲ့သည်။
ဦးရဲကျော်သူသည် ဘာသာရေးကိုင်းရှိင်းသူလည်း ဖြစ်သည်အလျောက် ဘုရားပုထိုးလှူဒါန်းမှုများလည်း များစွာပြုလုပ်ခဲ့သည်။ စစ်တွေမြို့တွင် တည်ရှိနေသည့် ရဲကျော်သူကျောင်းဆိုလျှင် ယနေ့တိုင် တည်ရှိနေသေးသည့် အံမခန်းလက်ရာတစ်ခုဖြစ် သည်။ ကျောင်းကြီးတစ််ခုလုံးကို သံမဏိတိုင်များနှင့် တည်ဆောက်ထားပြီး နှစ်ပါင်းရာချီကြာမြင့်နေသည့် ကျောင်းတော် တစ်ခုဖြစ်သည်။ ကျောင်းတော််သည် စစ်မက်ဒဏ်များနှင့်မီးဘေးဒဏ်များလည်း သင့်ခဲ့ရသည်ဟု ယင်းကျောင်းတွင် ၁၈နှစ်တိုင်တိုင် သီတင်းသုံးနေသည့် ဆရာတော်ဦးဇောတိပါလက မိန့်ကြားသည်။
“စစ်ခေတ်ကဆိုတော့ ဒီလိုကြီးမားတဲ့ အဆောက်အအုံတွေလည်း နည်းတော့ ဒုတိယကမ္ဘာစစ်က စစ်ဘေးဒုက္ခသည်တွေ ခိုလုှုံရာဖြစ်ခဲ့တယ် “
ကျောင်းတော်သည် မီးဘေးသင့်ခဲ့ရပြီး ကြမ်းခင်းများ ပျက်စီးကာ ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ရသည်ဟု ယင်းဆရာတော်ကဆိုသည်။ သို့သော်လည်း ဗိသုကာလက်ရာများမှာမူ ပျက်စီးခြင်းမရှိဘဲ ကိုလိုနီခေတ် လက်ရာအတိုင်းသာ ကျန်ရှိနေသေးသည်ဟု ဆရာတော်က မိန့်ကြားသည်။
ပွင့်လင်းရာသီများနှင့် ခရီးသွားရာသီများတွင် နိုင်ငံခြားသားများ၏ ဝင်ထွက်သွားလာမူနှင့် ဦးရဲကျော်သူ၏ကျောင်းသည် စည်ပင်နေပြီး ကျန်အချိန်များတွင်မူ တိတ်ဆိတ်ခြောက်သွေ့နေသည်ဟု ဦးဇောတိပါလကဆိုသည်။ ဦးရဲကျော်သူကျောင်းရှေ့ ရဲကျော်သူဘုရားမှာမူ မူလလက်ရာများ ပျက်စီးနေပြီး ဘုရားကြီး၏ ခေါင်မိုးပြသဒ်ထိပ်က နာရီကြီးမှာလည်း ပျက်စီးနေသည်မှာ သူ့လက်ထက်မတိုင်မီ ကပင်ဖြစ်ကြောင်း ဆရာတော်ကဆိုသည်။
“ခုထက်ထိလည်း ကျောင်းကိုထိန််းသိမ်းမယ်။ လက်ရာတွေကို မပျက်စီးအောင် စောင့်ရှောက်မယ့်အဖွဲ့တွေ မရှိသေးဘူး”
ဦးရဲကျော်သူကျောင်းသို့ ဦးရဲကျော်သူ၏အကြောင်းကို စိတ်ပါဝင်စား၍ လာရောက်ကြည့်ရှုကြသော်လည်း ဦးရဲကျော်သူ၏အမှတ်တရ လက်ရာများတွင် မည့်သည့်ပစ္စည်းမျှ ကျန်ရစ်ခဲ့ခြင်းမရှိချေ။
“ဖြစ်နိုင်ရင် ဆရာတော်အနေနှင့် ဦးရဲကျော်သူကျောင်းမှာ အမှတ်တရပစ္စည်းအနေနှင့် သိမ်းဆည်းထားချင်တာကတော့ ဦးရဲကျော်သူရဲ့ဘဝကို အစပြုခဲ့တဲ့ တက်နှစ်ချောင်းပဲကျောင်းမှာ ချိတ်ဆွဲထားချင်တယ်။





