ဂျပန်ရောက်ရခိုင်လူငယ်များက ဘောလုံးပွဲကျင်းပပြီး စစ်ဘေးရှောင်များအတွက်ရန်ပုံငွေရှာမည်

ဂျပန်ရောက်ရခိုင်လူငယ်များက ဘောလုံးပွဲကျင်းပပြီး စစ်ဘေးရှောင်များအတွက်ရန်ပုံငွေရှာမည်

ဆောင်းဇာခြည် - ဂျပန်နိုင်ငံရောက် ရခိုင်လူငယ်များက ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဘောလုံးပြိုင်ပွဲကျင်းပပြီး ရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းဘောလုံးပွဲကို လာမည့် မေလ ၂ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Senjuohashi ရပ်ကွက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်ကစပြီး ပြိုင်ပွဲဝင်မည့် အသင်းများနှင့် လူစာရင်းကို  ပေးပို့နိုင်ပြီဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုညီညီအောင်က ပြောသည်။

“စစ်ဘေးဒုက္ခသည် ရန်ပုံငွေ ရှာဖွေဖို့အတွက်ပါ။ ကျွန်တော်တို့ အဓိက စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်အောင်လို့ အဓိက ရည်ရွယ်ပြီးလုပ်တာပါ။ တစ်ဖက်တစ်လမ်းက ကူညီပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းပြိုင်ပွဲကို ဂျပန်ရောက် ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် Arakan Fc Japan အဖွဲ့မှ ဦးဆောင်ကာ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရသည့် ဘောလုံးအသင်းများအားလည်း ဆုများအသီးသီးပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲလိုသူများအနေဖြင့် အဆိုပါ အဖွဲ့သို့ စာရင်းပေးသွင်းနိုင်ကြောင်း၊ စာရင်းပေးသွင်းသည့်အခါ တစ်ဦးစီကို ဂျပန်ငွေ ယန်း သုံးထောင် (မြန်မာငွေ သုံးသောင်းခန့်) ငွေပမာဏကို ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ၎င်းငွေများနှင့် အပြင် စေတနာရှင်များမှလည်း အလှူခံသွားမည်ဖြစ်ကာ ရရှိလာသော ငွေများကို စစ်ဘေးရှောင်များသို့ လှူဒါန်းသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။

ယင်းအပြင် ဘောလုံးပွဲကျင်းပခြင်းဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ရခိုင်များအကြား တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုနှင့်  စည်းလုံးညီညွတ်မှု ရရှိရန် ရည်ရွယ်ကြောင်း ပြောသည်။

“နောက်တစ်ခုက ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ ရခိုင်လူမျိုးတွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင် ရင်းနှီးဖို့အတွက် လုပ်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ရခိုင်လူမျိုးဟာ ဘယ်နိုင်ငံပဲ ရောက်ရောက် စည်းလုံးတယ်၊ ညီညွတ်တယ်ဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်ရခြင်းဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

Arakan Fc Japan အဖွဲ့အနေဖြင့် ဂျပန်ရောက် ရခိုင်လူငယ်များစုပေါင်းပြီး စစ်ဘေးရှောင်များအား စားရိက္ခာ ကူညီထောက်ပံ့ပေး နိုင်ရန် ထိုကဲ့သို့ ဘောလုံးပြိုင်ပွဲအား မကြာခဏ ပြုလုပ်လေ့ရှိကြောင်း အဖွဲ့မှ တာဝန်ရှိသူများ ပြောပြချက်အရ သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...