ချစ်အိလှိုင် - စစ်တွေမြို့တွင် မတ်လနောက်ဆုံးအပတ်မှစပြီး ယနေ့အချိန်ထိ ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာနေသဖြင့် ဆင်းရဲသား လက်လုပ်လက်စားများ စားဝတ်နေရေး စတင် အခက်တွေ့နေရပြီဟု သတင်းရရှိသည်။
ဆန်၊ဆီ၊ဆား၊ ငရုတ်နှင့် မီးဖိုချောင်သုံးစားသောက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တစ်ခြားကုန်မာပစ္စည်းများပါမကျန် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းများ မြင့်တက်လာကြောင်း ကုန်သည်များနှင့် ဝယ်ယူစားသုံးသူများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
စစ်တွေမြို့မဈေးကြီးအတွင်း စားသောက်ကုန်စုံဆိုင်အရောင်းဆိုင်ပိုင်ရှင် မခင်ခင်လှိုင်က “ အကုန် တက်နေတာ။ ဝယ်ဖို့ ပစ္စည်းတောင်မရှိဘူး။ ကုမ္ပဏီတွေကလည်း ပစ္စည်းပြတ်တယ်လို့ပြောတယ်။ ငွေပေးလို့တောင် ဝယ်လို့မရဘူး။ ပစ္စည်းမရှိတဲ့ အတွက် ပိတ်လိုက်ရတဲ့ အရောင်းဆိုင်တွေ ရှိတယ်လို့လည်း ကြားတယ်” ဟုပြောသည်။
ယခင်က စားသုံးဆီ ၅ လီတာတစ်ဗူးကို ၈၅ဝဝ - ၉ဝဝဝ ကျပ် ရှိနေရာမှ လက်ရှိတွင် ၁၂ဝဝဝ ကျပ်အထိ မြင့်တက်သွားခဲ့ကြောင်း၊ ယခင်က ကော်ဖီမစ်အထုတ်သေး ၃ဝ ပါ တစ်ပါကင်ကို ၂၈ဝဝကျပ်မှ ကျပ် ၃ဝဝဝ အထိ မြှင့်တက်လာကြောင်း၊ ပစ္စည်းပြတ်နေ၍ တချို့ဆိုင်များတွင် ဝယ်လျှင်လည်း ရောင်းမည့်ပစ္စည်း မရှိဖြစ်နေကြောင်း သူမကဆက်ပြောသည်။
ရဲနွယ်စုရပ်ကွက်မှ ထမင်းဆိုင်ပိုင်ရှင် ဒေါ်ငြိမ်းငြိမ်းဖြူက “ အကုန်လုံး ဈေးတက်နေတယ်။ ဂေါ်ဖီထုပ်တွေကအစ ဈေးတက်တာ။ ဆန်ရော ဆီရောတက်တယ်။ ဆင်းရဲတဲ့လူတွေ ဘယ်လိုစားသောက်ကြမလဲ။ ချမ်းသာတဲ့ လူတွေက အရေးမဟုတ်ပေမယ့်။ တစ်နေ့လုပ် တစ်နေ့စားရတဲ့ ဆင်းရဲတဲ့လူက ပိုခက်ခဲပြီပေါ့။ သက်ဆိုင်ရာက ဈေးနှုန်းတွေပုံမှန်ဖြစ်ဖို့ လုပ်ပေးစေချင်တယ်” ဟုပြောသည်။
၎င်းအပြင် အိမ်ဆောက်ပစ္စည်းများမှာလည်း လမ်းခရီးအခက်အခဲများ၊ ငွေပို့၊ ငွေလွှဲအခက်အခဲများကြောင့် ပစ္စည်းအသစ်ထပ်မှာယူနိုင်ခြင်း မရှိကြသည့် အတွက် ဈေးနှုန်းများပါ တက်လာကြောင်း စစ်တွေမြို့အဝင်ရှိ ရွှေမုဒ်ဝ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးအေးထွန်းကပြောသည်။
“အဓိကတော့အကြောင်းက ရန်ကုန်ကိုမှာရတာလည်း အခက်အခဲရှိတယ်။ ဘဏ်က ငွေထုတ်၊ ငွေလွှဲဖို့ အခက်အခဲကြောင်းလည်းဖြစ်တယ်။ သံဖြူ၊ သံချောင်းနဲ့ သံထည်အကုန်တက်တယ်။ ဘိလပ်မြေလည်း ဈေးတက်တယ်။ အဝယ်လည်း နည်းလာတယ်။ သင်္ဘောကလည်း အရင်လိုမဝင်တော့ဘူး” ဟုပြောသည်။
ဘိလပ်မြေတစ်အိတ်လျှင် ယခင်က ၇၀၀၀ ကျော်ရှိရာမှ လက်ရှိတွင် ကျပ် ၈၀၀၀ ကျော် အထိဖြစ်သွားကြောင်း၊ သံဖြူတစ်ချပ်လျှင် ၈၄ဝဝ ကျပ်မှ ၉၆ဝဝကျပ်အထိဖြစ်သွားကြောင်း သူကဆက်ပြောသည်။
စစ်တွေမြို့မဈေးကော်မတီအတွင်းရေးမှူး ဦးစိုးနိုင်က “ ဆိုင်တွေလုံးဝ ပိတ်လိုက်ရတာမရှိပါဘူး ။ ဒါပေမယ့် ပစ္စည်း ၁ဝမျိုးရောင်းတာမှာ ၈ မျိုးလောက်ပဲရောင်းရတယ်ပေါ့။ ပစ္စည်းတွေမစုံတော့ဘူးပေါ့။ ရန်ကုန်ဆိုင်တွေ ပိတ်ထားလို့ ဖြစ်တယ်လို့ပြောတယ်။ လဘက်ရည် ကော်ဖီထုပ် ဈေးတွေကလည်း ငွေဈေးနှုန်းနဲ့ သွားကြတာဆိုတော့ တက်တယ်လို့ပြောလို့ရတယ်” ဟုပြောသည်။
ကုန်ဈေးနှုန်းများ မြှင့်တက်လာခြင်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးအား မေးမြန်းရာ မင်းပြားမြို့နယ် ရာမောင်တံတားတွင် ဇက်ရေယာဉ် အခက်အခဲနှင့် ရန်ကုန်မှ ပစ္စည်းဝင်ရောက်မှု နည်းပါးလာခြင်း တို့ကြောင့် ဖြစ်သည်ဟုဆိုသည်။
“ကျွန်တော်တို့ ရခိုင်ပြည်မြောက်ပိုင်းဖက်မှာ လွန်ခဲ့တဲ့ လေးငါးရက် အတွင်းမှာ ရုတ်တရက် ဈေးမြှင့် တက်လာတယ်။ အဓိကကတော့ မင်းပြားရာမောင် တံတား ဇက်အခက်အခဲကြောင့်လို့ သိထားပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဇက်ပြဿနာကို ဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကိုလည်း တင်ပြထားပါတယ်။ အဓိကကတော့ စက်သုံးဆီမြင့်တက်လာကဆိုးတယ်။ နိုင်တီတူး တို့ဘာတို့ပေါ့။ ဓာတ်ဆီတွေမပြတ်တောက်ရဖို့ ဦးစားပေးပြီး လုပ်ပေးဖို့ ပြောထားတယ်။ ရာမောင်တံတားမှာ ပိတ်နေကြတာ” ဟုပြောသည်။
စစ်တွေမြို့ဆီဆိုင်အချို့တွင်လည်း ဆီပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ တချို့ဆိုင်များတွင် ဆီမရှိ၍ အချိန်ပိုင်း ပိတ်ထားရသည် အထိဖြစ်နေကြောင်း သိရှိရသည်။







