ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်နေခြင်းအား လက်မခံနိုင်ကြောင်း အေအေ ပြောခွင့်ရသူဆို

ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်နေခြင်းအား လက်မခံနိုင်ကြောင်း အေအေ ပြောခွင့်ရသူဆို

မြန်မာနိုင်ငံတွင် တပ်မတော်မှအာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ဆန္ဒဖော်ထုတ်မှုများဖြစ်ပေါ်လျက်ရှိရာ ယင်းသို့ဆန္ဒဖော်ထုတ်သူများကို ပစ်ခတ်သတ်ဖြတ်နေမှုများမှာ လက်ခံ၍မရသည့်ကိစ္စဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“အပြစ်မဲ့ဆန္ဒပြပြည်သူတွေအပေါ်မှာ မြန်မာစစ်တပ်နဲ့ ရဲတွေက ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်နေမှု တွေဟာ ယဉ်ကျေးတဲ့လူ့အဝိုင်းအဝန်းမှာ လုံးဝလက်ခံလို့မရတဲ့ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဒီလိုလူမဆန်တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်” ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းလက်ရှိဖြစ်ပျက်နေသော ပြည်တွင်းပဋိပက္ခများနှင့်ပတ်သက်ပြီး အေအေပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့က ယနေ့(မတ်လ ၃၀ ရက်) သဘောထားထုတ်ပြန်ရာတွင် မြန်မာ့တပ်မတော်၏လုပ်ရပ်များအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းသည့်နေ့မှ ယနေ့အထိ ဆန္ဒပြတိုင်းရင်းသားပြည်သူလူထုကို ကျည်ဆန်အစစ်၊ လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းတို့ကြောင့် ကလေးသူငယ်များ၊ မျိုးဆက်သစ်လူငယ်များ၊ အမျိုးသားနှင့် အမျိုးသမီးလူလတ်ပိုင်းများအပါအဝင် သေဆုံးသူ ၄၀၀ ကျော်အထိရှိခဲ့ကြောင်း မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းအပြင် ဖမ်းဆီးခံရသူ (၃၀၀၀)နီးပါးနှင့် ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ပြီး အရေအတွက် ထပ်မံ တိုးမြင့်လာမည့် လက္ခဏာများရှိကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။

“ပြည်သူလူထုတွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့အတွက် မြန်မာစစ်တပ်ကို ကျနော်တို့ ထုတ်ဖော်ပြောထားတာတွေလည်းရှိတယ်။ အခုလိုအခြေအနေမှာ အဖိနှိပ်ခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် ကျနော်တို့အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာရော၊ ပြည်သူလူထုတွေကြားမှာပါ ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်အောင် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားရမယ့်အချိန်ဖြစ်တယ်” ဟု ခိုင်သုခက ဆိုသည်။

မဟာမိတ် ၃ ဖွဲ့အနေဖြင့် နိုင်ငံရေးပြဿနာများအား လက်တွေကျကျဖြေရှင်းနိုင်ရန် ကြေညာထားခဲ့သည့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကိစ္စများကိုလည်း ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ထားသည်။

မြေပုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသောအချက်များမှာ ပြည်သူများ၏ CDM လှုပ်ရှားခြင်းများကို တပ်မတော်က နှိမ်နင်းတိုက်ခိုက်နေမှုများကို မရပ်တန့်လျှင် တိုက်ပွဲများပြန်လည်ဖော်ဆောင်လာနိုင်သည့် သဘောဆောင်ကြောင်း သုံးသပ်သည်။

“တကယ်လို့ ဒီထုတ်ပြန်ချက်ကတောင်းဆိုထားတာတွေမရရင် တိုက်ပွဲတွေပြန်ဖြစ်လာမယ်။ အခုဆို အပစ် အခတ်ရပ်ထားတဲ့အတွက် ဒုက္ခတွေနည်းနေတယ်။ အဝေးရောက်ရခိုင်သားတွေလည်း ရခိုင်ကိုပြန်လာနေ ကြတယ်။ ရခိုင်ပြည်ကိုပြန်လည်ထူထောင်ရမယ့်အချိန်မှာ တိုက်ပွဲတွေဖြစ်လာမယ်ဆိုလို့ရှိရင် စစ်ရဲ့အနိဌာရုံကို အရင်ထက်ပိုပြီး ပြင်းပြင်းထန်ထန်ခံစားလာရနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒါကစစ်ရေးတစ်ခုတည်း မဟုတ် တော့ဘူး။ နိုင်ငံရေးနဲ့လည်းပတ်သက်လာတယ်” ဟု ဦးဖေသန်းက ဆိုသည်။

မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် နိုင်ငံသူ၊သားများအား အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခြင်းများကို ရပ်တန့်ကာ ပြည်သူများတောင်းဆိုနေသည့် နိုင်ငံရေးပြသာနာဖြေရှင်းမှုကို အမြန်ဆုံး ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက မြန်မာ့နွေဦး တော်လှန်ရေးကိုဆင်နွှဲနေကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘဝတူညီနောင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က သဘောထားထုတ်ပြန်ထားသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...