မီးလောင်ပျက်စီးသွားသည့် တိမ်ညိုစစ်ရှောင်စခန်းမှ နေအိမ်များကို မူလနေရာတွင်ပြန်လည်တည်ဆောက်

မီးလောင်ပျက်စီးသွားသည့် တိမ်ညိုစစ်ရှောင်စခန်းမှ နေအိမ်များကို မူလနေရာတွင်ပြန်လည်တည်ဆောက်

မြောက်ဦး — မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ နေအိမ်များကို ယနေ့ မတ်လ ၂၉ ရက် မှ စတင်ကာ မူလနေရာ၌ အသစ်ပြန်လည်တည်ဆောက်လျက်ရှိကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

မတ်လ ၁၇ ရက်နေ့ ညအချိန်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ တဲအိမ် ၆၆၀ ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၂၅၀၀ ကျော် မီးဘေးသင့်ခဲ့ရသည်။

အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်အလုံး (၁၀၀) ဆောက်လုပ်ရန် စာရေးဆရာဝေဟင်အောင်အဖွဲ့မှ ငွေကျပ်သိန်းနှစ်ရာလှူဒါန်းထားရာ လက်ရှိမှာ နေအိမ်များကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

“ဒီနေ့ တဲအိမ်သုံးလုံးလောက် အပြီးဆောက်မယ်ပေါ့။ တစ်လုံးကို ဘယ်လောက်ကုန်ကျမလဲဆိုတာကို တွက်ချက်ဖို့အတွက် သုံးလုံးဆောက်မယ်ပေါ့။ မနက်ဖြန် အောက်သကန်ကျေးရွာအတွက် အိမ် ၂၂ လုံးလောက် ဆောက်နိုင်အောင်ကြိုးစားသွားမယ် ” ဟု ပြောသည်။

လတ်တလောအခြေအနေတွင် မီးလောင်ပျက်စီးသွားသည့် နေအိမ်အားလုံးကို မတည်ဆောက်ပေးနိုင်သေးသဖြင့် နေအိမ်အလုံး (၁၀၀) ကို မဲစနစ်ဖြင့် ခွဲဝယ်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းလည်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

“တဲအိမ်အလုံး (၁၀၀) ကို ကံစမ်းမဲနှိုက်ပြီးပေးသွားမယ်ပေါ့။ အခုက သိန်းနှစ်ရာရှိတယ်ဆိုတော့ တဲအိမ်တစ်လုံး ကုန်ကျငွေကိုတွက်ပြီး မဲပေါက်တဲ့သူက ကိုယ့်အိမ်ကိုဆောက်မယ်ဆိုရင်လည်း မြေကွက်နေရာတိုင်းပေးပြီး လိုအပ်တဲ့ သစ်၊ ဝါး၊ ဓနိစတဲ့ ကုန်ကျတဲ့ ငွေပမာဏာကိုပေးသွားမယ်” ဟု ဦးစိုးနိုင်က ပြောသည်။

နေအိမ်မရရှိလိုက်သည့် စစ်ဘေးရှောင်မိသားစုများအတွက်ကိုလည်း အလှူငွေများကောက်ခံကာ နေအိမ်များ ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ မဲစနစ်ဖြင့်မဲနှိုက်၍မပေါက်ပါက နေထိုင်ရေးအခက်အခဲရှိမည်ကို စိုးရိမမိကြောင်း တိမ်ညိုစစ်ဘေးရှောင်စခန်းခိုလှုံနေသည့် ဘူးရွက်မညှိုးကျေးရွာမှ ဒေါ်အေးခိုင်နုက ပြောသည်။

“ကံစမ်းမဲနှိုက်ပြီးပေးမယ်လို့ပြောတယ်။ အကုန်လုံးကမဲနှိုက်ရမှာပေါ့။ မဲနှိုက်လို့မပေါက်ရင်တော့ အခုနေတဲ့ တိမ်ညိုဘုန်းတော်ကြီးကျောင်းမှာပဲနေရမှာပေါ့။ ရွာလည်းမပြန်နိုင်သေးဘူး။ ကျွန်မတို့က အနေအထိုင်ရော၊ စားရေးသောက်ရေးလည်း အခက်အခဲကြုံမှာကိုစိုးရိမ်မိတယ်” ဟု ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်အိမ်ထောင်စု (၈၇၅) စု၊ လူဦးရေ ၃၃၅၅ ဦး ခိုလှုံနေထိုင်လျက်ရှိရာ မီးလောင်မှုကြောင့် စစ်ဘေးရှောင်သုံးပုံနှစ်ပုံခန့်မှာ မီးဘေးဒဏ်ခံခဲ့ကြရသဖြင့် နေရာထိုင်ခင်းအခက်အခဲအပြင် အခြားအခက်အခဲများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် တိမ်ညို စစ်ဘေးရှောင်စခန်းမှစစ်ဘေးရှောင်များကို အဆိုပါနေရာ၌ ပြန်လည်နေရာချထားပေးမည်မဟုတ်ဘဲ မိမိနေရပ် ကျေးရွာများသို့ပြန်ကြရန် တိုက်တွန်းထားသည်။ သို့သော် စစ်ဘေးရှောင်များအနေဖြင့် လက်ရှိအခြေအနေတွင် နေရပ်ပြန်ရန်မဖြစ်နိုင်သေးဟုဆိုကာ မီးလောင်သွားသည့်နေရာတွင် ပြန်လည်နေထိုင်ရန်ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိတွင် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ နေအိမ်မီးလောင်သွားသည့် စစ်ဘေးရှောင်များမှာ တိမ်ညို ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းကျော်အထိရှိခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကစ၍ တိုက်ပွဲများ ရပ်တန့်နေသဖြင့် နေရပ်ပြန်သွားသူများရှိရာ လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းရှစ်သောင်းကျော် ရှိနေကြောင်း စစ်ဘေးရှောင်များစာရင်းကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရသိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...