ကျေးရွာအနီး တပ်စွဲထားခြင်းကို ရုပ်သိမ်းရန်နှင့် နေရပ်ပြန်သူများအား ထောက်ပံ့မည်မှာ လက်တွေ့ကျရန်လိုဟု စစ်ဘေးရှောင်များနှင့် အရပ်ဖက်အဖွဲ့များပြော

ကျေးရွာအနီး တပ်စွဲထားခြင်းကို ရုပ်သိမ်းရန်နှင့် နေရပ်ပြန်သူများအား ထောက်ပံ့မည်မှာ လက်တွေ့ကျရန်လိုဟု စစ်ဘေးရှောင်များနှင့် အရပ်ဖက်အဖွဲ့များပြော
တိမ်ညိုစစ်ဘေးရှောင်စခန်းမှ နေအိမ်များ မီးလောင်သွားသည့် ဒုက္ခသည်မိသားစုဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - R002)
တိမ်ညိုစစ်ဘေးရှောင်စခန်းမှ နေအိမ်များ မီးလောင်သွားသည့် ဒုက္ခသည်မိသားစုဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - R002)

မိုးရာသီမကျမီ နေရပ်ပြန်မည့် စစ်ဘေးရှောင်များအား အိမ်၊ လယ်ယာသုံးပစ္စည်းများနှင့် မျိုးစပါးများ ထောက်ပံ့ကူညီခြင်းနှင့် တပ်မတော်မှ ကျေးရွာအနီး တပ်စွဲထားခြင်းကို အမြန်ဆုံးရုပ်သိမ်းရန် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်တွေ့ကျကျ လုပ်ဆောင်သင်သည့်ဟု စစ်ဘေးရှောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက ပြောဆိုကြသည်။

ပြည်နယ်စီမံကောင်စီအနေဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်လျှင် နေအိမ်နှင့် အခြားသော အကူအညီအထောက်အပံ့များ ပေးမည်ဟု ပြောစကားကို စတင်အကောင်အထည်ဖော်သင့်ပြီဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဌ ကိုအမ်းသားကြီးက ပြောသည်။

“စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့အတွက် အဓိက နေအိမ်။ ပြီးတော့ ကျေးရွာနဲ့ပတ်ဝန်းကျင်မှာ တပ်မတော်က တပ်စွဲထားတာ မရှိဘူးဆိုရင် သူတို့တွေ ပြန်ကြမယ်။ ဒုက္ခသည်စခန်းမှာ တစ်နှစ်ကျော် နေလာကြတဲ့အခါ ဝင်ငွေနည်းသွားတဲ့အတွက် မိမိနေအိမ်ကို မပြုပြင်နိုင်တဲ့အခါ အိမ်ပြန်ဖို့ အခက်အခဲဖြစ်ကြပါတယ်။ ကောင်စီက ပေးမယ်လို့စကားသာပြောပြီးတော့ လက်တွေ့ကျကျ အကောင်အထည် ဘာမှမပေါ်လာတဲ့အတွက် အဲဒီစကားကို ယုံကြည်ရဖို့က ခက်တယ်။ ဒီနေ့ လုပ်ပေးရင် ဒီနေ့ပြန်ကြမှာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက “ အိမ်မရှိတဲ့ စစ်ဘေးရှောင်တွေ အတွက်ကို သတ်မှတ်ချက်နဲ့အညီပေါ့နော် အိမ်ဆောက်ပေးဖို့။ တချို့အိမ်တွေကို ပစ်ထားခဲ့ပြီးတော့ စစ်ဘေးရှောင်တွေရဲ့ အိမ်တွေဟာ ပျက်စီးတာတွေ ရှိမယ်။ အဲဒါတွေကိုလည်း ပြုပြင်နိုင်ဖို့အတွက် စာရိတ်ပေးသွားမယ်။ ကိုယ့်ရွာကိုယ် ပြန်သွားတဲ့အခါ လတ်တလောလယ်ယာ ထွန်ဖို့အတွက် ကျွဲ၊ နွားတွေ သူတို့မှာ မရှိနိုင်ဘူး။ လောလောဆယ်တော့ တစ်ရွာကို လေထွန်စက်တစ်လုံးစီ ပေးသွားမယ်။ မျိုးစပါးကိုလည်း အစိုးရက တာဝန်ယူပေးသွားမယ်။ မိုးရာသီမှာ သူတို့အတွက် နည်းနည်းတည်ငြိမ်သွားနိုင်တယ်ပေါ့နော် ” ဟု ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်ရောက်ပါက စားဝတ်နေရေး ဖုံလှုံအောင် အစီအစဉ်တကျ ထောက်ပံ့ပေးသွားမည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

သို့သော်လည်း စစ်ဘေးရှောင်များမှာ ကျေးရွာအနီးအနား တပ်မတော်တပ်စွဲထားခြင်းနှင့် မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်သဖြင့် မပြန်ရဲကြပေ။

ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာမှ စစ်ဘေးရှောင် ဒေါ်မြဝင်းကြည်က “ ကယ်ဆယ်ရေးစခန်းမှာ နေရတာ အဆင်ပြေလို့နေတာမဟုတ်ဘူး။ မတတ်နိုင်လို့ နေရတာပါ။ ရွာမှာ လူလည်းတစ်ယောက်မှ မရှိဘူး။ ရွာနားက တောင်ရှည်တောင်မှာလည်း တပ်မတော်က တပ်စွဲထားတော့ အိမ်ကိုပြန်သွားလို့ရှိရင် သူတို့တွေ နှိပ်စက်မှာကို ကြောက်တာပါ။ မရှိတာ ရှိတာက မဆိုင်တော့ဘူး။ အိမ်ကိုရောက်သွားရင် ကိုယ့်နေရာနဲ့ကိုယ် အရင်ကတည်းက လုပ်စားလာတာပါ။ အဓိကတော့ တပ်မတော်သားတွေ မရှိ၊ မိုင်းတွေကို ရှင်းရှင်းလင်းလင်း လုပ်ပေးရင် ပြန်သွားမှာပါ ” ဟု ပြောသည်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် လက္ကာကျေးရွာမှ ဒေါ်ဦးဝင်းကြည်မှာ အစိုးရက အိမ်ဆောက်ပေးသည့်အတွက် အိမ်ပြန်ချင်သော်လည်း စားရေးသောက်ရေး အခက်အခဲဖြစ်မည်ကို စိုးရိမ်နေသည်။  

“ပြန်ချင်နေတာတော့ ကြာပါပြီ။ ပြန်သွားလို့ရှိရင် တိုက်ပွဲဖြစ်လာလို့ရှိရင် ဘယ်နေရာကို ပြေးရမလည်း မသိဘူး။ အဲဒါကို အရမ်းကြောက်တယ်။ ” ဟု ဒေါ်ဦးဝင်းကြည်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂ နှစ်တာ ကာလအတွင်း မိမိနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းသုံးသောင်းကျော်အထိရှိခဲ့ပြီး ယခုအခါ တိုက်ပွဲဖြစ်ပွားမှု မရှိသည်မှာ လအနည်းငယ်ကြာမြင့်လာသဖြင့် မိမိနေရပ်သို့ပြန်သွားကြသူများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေဖြင့်လည်း လတ်တလော တိုက်ပွဲဖြစ်ပွားမှုများမရှိသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်တွင် ပြန်နေထိုင်ကြရန် တိုက်တွန်းထားသည်။

သို့သော်လည်း တပ်မတော်မှ ကျေးရွာအနီး တပ်စွဲထားခြင်းကို အမြန်ဆုံးရုပ်သိမ်းရန်နှင့် မိုင်းရှင်းလင်းရေးကို တောတောင်များတွင်လည်း ပြုလုပ်ရန် စစ်ဘေးရှောင်များက တောင်းဆိုထားကြသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...
May 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့်အနီးတစ်ဝိုက်ကို...